ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ မေ ၁၃ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီက ဖုန်းလိုင်းများ ဆက်လက် ပိတ်ပင်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့်ဒေသခံပြည်သူများက မိုချာမုန်တိုင်းနှင့် ပတ်သက်၍ သတင်းသိရှိသူနည်းပါးကြောင်းဒေသခံများထံက သိရသည်။
ချင်းပြည်နယ်၊ မြို့နယ်တချို့တွင် စစ်ကောင်စီက ယမန်နေ့ မေလ ၁၂ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖုန်းလိုင်းအချို့ကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း မိုချာမုန်တိုင်းတိုက်ခတ်မည့် ဗဟိုလမ်းကြောင်းတွင် ပါဝင်နေသည့် ကန်ပက်လက်မြို့နယ်ကိုမူ ဖွင့်လှစ်ပေးခြင်း မရှိပေ။
“ကန်ပက်လက်မှာ ဖုန်းလိုင်းမဖွင့်ပေးပါဘူး။ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကြိုတင် ပြင်ဆင်မှုမရှိဘူး။ အသိပေးတာတော့ရှိပါတယ်။ စစ်ကောင်စီဘက်ကလည်း ဘာမှ ထုတ်ပြန်တာမရှိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကန်ပက်လက်မြို့နယ်နှင့် ဆောမြို့နယ်တို့တွင် ယမန်နေ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီမှ စတင်ပြီး လက်ရှိအချိန်ထိ မိုးအဆက်မပြတ်ရွာသွန်းနေကြောင်းသိရသည်။
“ပြည်သူတွေ မုန်တိုင်းနဲ့ ပတ်သက်ပြီး မသိသူတွေများနေပါတယ်။ သက်ဆိုင်ရာ ဌာနတွေက အဆင့်လိုက် အသိပေး တာတွေလုပ်သင့်တယ်” လို့ ၎င်းက ဆိုသည်။
ကန်ပက်လက်မြို့နယ်တွင် ဖုန်းလိုင်းမရသည့်အတွက် ကျေးရွာများနှင့် တောထဲတွင် စစ်ဘေးရှောင်နေကြေသော ပြည်သူများက မိုချာမုန်တိုင်းနှင့်ပတ်သက်ပြီး လက်ရှိအချိန် အထိ မသိရသေးကြောင်းသိရသည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်
ပုံစာ-ယခင်နှစ်တွင် တွေ့ရသည့် ကန်ပက်လက်မြို့နယ်မှ စစ်ဘေးရှောင်စခန်း
#ကန်ပက်လက်မြို့နယ် #ဖုန်းလိုင်းမရ #မိုချာမုန်တိုင်း #ဒေသခံပြည်သူ #သတင်းသိရှိသူနည်းပါး #Ayeyarwaddy_Times