ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်
စစ်တွေမြို့အပါအဝင် ရခိုင်က မြို့နယ် ခုနစ် ခုကို မုန်တိုင်းဝင်ရောက်နိုင်သော အနီရောင်အဆင့်ဒေသအဖြစ် ယမန်နေ့ မေလ ၁၂ နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် စစ်တွေဒေသခံ ၁၀၀၀၀ (တစ်သောင်း) နီးပါးသည် ယနေ့ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဘေးလွတ်ရာနေရာများသို့ထပ်မံတိမ်းရှောင်လာနေကြသည်။
စစ်တွေဒေသခံများသည် ကျောက်တော်၊ မြောက်ဦးနှင့် အခြား ကုန်းမြင့်ပိုင်းဒေသများသို့ ခရီးသည်တင်ကား၊ ကုန်တင်ကားများဖြင့် ငှါးရမ်းလာကြသလို အောင်သုခနှင့် တိုးရတနာ ခရီးသည်ကားကြီး နှစ်စီးကလည်း ယနေ့နံနက်ပိုင်းအထိ အခမဲ့ပို့ ဆောင် ပေးနေသည်ကို တွေ့ရသည်။
ကျောက်တော်နှင့်မြောက်ဦးမြို့နယ်တို့ရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များသည် ထိုသို့ မုန်တိုင်းရှောင်လာသူများ နေထိုင်ရေး အတွက် ဘုန်းကြီးကျောင်းများနှင့် စာသင် ကျောင်းများတွင် နေထိုင်ရန်ပြင်ဆင်ပေးထားပြီး လူနေအိမ်များတွင်လည်း တည်းခိုနိုင်ရန် စီစဉ်နေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။
“ကျွန်တော်တို့မြို့ကို အားကိုးတကြီးပြေးလာကြတာဆိုတော့ ကျွန်တော်တို့ နိုင်သလောက် လုပ်ပေးဖို့တာဝန်ရှိပါတယ်။ အခုဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်း တွေမှာ နေရာ မဆံ့တဲ့ သူတွေကို နေအိမ်တွေမှာ လူတည်းလက်ခံပေးဖို့အတွက် ကျွန်တော်တို့အကူအညီ တောင်းထားပါတယ်။ ဆွေမျိုး၊ အသိမိတ်ဆွေတွေ ရှိစရာ မလိုပါဘူး။ အရေးကြုံလာရင် အကုန်လုံးက အမျိုးတွေပါပဲ။ ဘယ်အိမ်မှာဖြစ်ဖြစ် အကူညီတောင်းပြီး မုန်တိုင်းခိုလို့ ရပါတယ်” ဟု မြောက်ဦးမြို့မှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ကလည်း စစ်တွေဒေသခံ ၂၀၀၀ (နှစ်ထောင်) ခန့်သည် မြောက်ဦး ၊ကျောက်တော် မြို့သို့မု န်တိုင်းတိမ်းရှောင်လာခဲ့ကြပြီး လက်ရှိတွင် ဟိုတယ်၊တည်းခိုခန်း နှင့်ဆွေမျိုးအသိမိတ်ဆွေအိမ်အသီးသီးတို့တွင် ခိုလှုံနေထိုင်လျှက်ရှိကြသည်။
စစ်တွေ၊ ပေါက်တော၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ကျောက်ဖြူ၊ မာန်အောင် မြို့နယ်တို့ကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့် ဒေသများအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲကော်မတီက မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် သတိပေးထုတ်ပြန်ထားသည်။
ထိုသို့အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များမှ ပြည်သူများကိုလည်း ဘေးလွတ်ရာသို့ပြောင်းရွှေ့ကြရန်နှင့် မပြောင်းရွှေ့သူများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပေဒပုဒ်မဖြင့် အရေးယူမည်ဖြစ် ကြောင်းလည်း စစ်ကောင်စီက သတိပေးပြောဆိုထားသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- စစ်တွေမြို့မှနေ၍ မုန်တိုင်းရှောင်ရန် ပြင်ဆင်နေကြသူများကို မေလ ၁၃ ရက်နေ့က တွေ့ရစဉ်
#ရခိုင်ပြည်နယ် #စစ်တွေမြို့ #ဒေသခံ၁၀၀၀၀ #မုန်တိုင်းရှောင် #Ayeyarwaddy_Times