ဧရာ၀တီတိုင်းမ်
မေ ၁၃ ရက်
မြန်မာနိုင်ငံနှင့် ဘဂ်လားဒေ့ရှ်နိုင်ငံအတွင်းကျရောက်မည်ဟု ခန့်မှန်းထားသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်မီ ရခိုင်ပြည်နယ်နှင့် အနီးနားဒေသများရှိ လူပေါင်း ၄ သိန်းကျော်ကို တစ်လကြာ ပံ့ပိုးနိုင်သည် အထိ လုံလောက်သည့် စားနပ်ရိက္ခာများကြိုတင်ပြင် ဆင်နေရာချပြီးဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ မေလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
အဆိုပါမုန်တိုင်းသည် အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး အဆင့်သို့ ရောက်ရှိနေပြီး လက်ရှိ တိုင်းထွာချက်မျာအရ ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၅၀ အကွာခန့်သို့ မုန်တိုင်းရောက်ရှိနေပြီဖြစ်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ မြောက်-အနောက် မြောက်ဘက်ရေမိုင် ၃၁၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ စစ်တွေမြို့နှင့်ရေမိုင် ၃၅၀ ခန့်သာကွာဝေးပြီး မုန်တိုင်းမှာလျင်မြန်စွာ ၀င်ရောက်လာပြီ မိုးလေဝသပညာရှင်များက ဆိုထားသည်။
ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်မြို့နယ်တို့သည် အန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် ဒေသများဖြစ်၍ အနီရောင်အဆင့် သတ်မှတ်ထားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတိပေးထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဦးတည်နေသည့် မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြီးသည် အဖျက်စွမ်းအား အပြင်းထန်ဆုံးဟု သတ်မှတ်ထားသည့် CAT5 မုန်တိုင်းကြီး အဆင့်ကိုရောက်ရှိသွားပြီဖြစ်၍ အလွန်အန္တရာယ်ကြီးသောကြောင့် ဘေးကင်းရာသို့ ကြိုတင်ရှောင်ရှားရန် အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသား မိုးလေဝသပညာရှင် တစ်ဦးက သတိပေးထားသည်။
ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် သတိပေးချက်နှင့် ညှိနှိုင်းဆောင်ရွက်ရေးစနစ် GDACS ထုတ်ပြန်ချက်တွင် မိုခါမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၃၅ မိုင်ကျော်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ရခိုင်ပြည်မှ လူဦးရေ ၉၃၀,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀နှင့် မကွေးတိုင်းအတွင်းမှ လူဦးရေ ၁၇၀,၀၀၀ တို့ ထိခိုက်နိုင်ကြောင်း ဆိုထားသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ (၁)- ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ မင်းပြားမြို့နယ်သို့ မုန်တိုင်းရှောင်လာနေကြသည့် ဒေသခံများ
ပုံစာ(၂) မေလ ၁၂ ရက်နေ့က တွေ့မြင်ရသည့် စစ်တွေကမ်းခြေ
#ရခိုင် #မိုခါ #ဆိုင်ကလုန်း #WFP #Ayeyarwaddy_Times