ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ မေလ ၁၀ ရက်နေ့နဲ့ မေလ ၁၂ ရက်နေ့နှစ်ရက်အတွင်းမိုးသည်းထန်စွာရွာပြီးလေပြင်းတိုက်လို့ လူနေအိမ်တစ်ချို့နဲ့ စာသင်ကျောင်း၊ အဆောက်အအုံတစ်ချို့ပြိုကျပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနကနေ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် စုစုပေါင်း ၂၇ လုံးပျက်စီးပြီး ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေပါ ထိခိုက်ပျက်စီးတာရှိတယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ဝန်ထမ်းတွေဆီက သိရပါတယ်။
“မနေ့က နေ့လည်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် မိုးရွာပြီးလေပြင်းတိုက်လို့ ကျောင်းကုန်းမြို့နယ်ထဲက ကျေးရွာ ၄ ရွာကအိမ်တွေအမိုးလန်ပြီး ပျက်စီးကုန်တာ”လို့ဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့်ကျွန်းချောင်းကျေးရွာ၊ ဘုရားငူကျေးရွာ၊ ရွာသစ်ကုန်း၊ ရွာသာကုန်းကျေးရွာ များမှာ နေအိမ်၄လုံး အမိုးလန်ပျက်စီးခဲ့ပြီး အထက ညောင်အိုင်ကျောင်း မျက်နှာကြက်အမိုးများနဲ့ ကျောင်းဆိုင်းဘုတ်ပျက်စီးကာ၊ သဲကုန်ကျေးရွာရှိ Animal Safe Land & Shetter အမိုးသွပ်ပြားများပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေလ ၁၀ ရက်နေ့က လေပြင်းဒဏ်ကြောင့်ကျေးရွာ ၆ ရွာက နေအိမ် ၂၃ လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဇီးကုန်းအုပ်စု ဘုရားကြီးကုန်း အလကကျောင်း အုတ်တံတိုင်း ပေ ၂၀ ခန့်ပြိုလဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၂၃ ဧပြီလအထိအချိန် အခါမိုးရွာသွန်း လေပြင်းတိုက်ခတ်မှုတွေကြောင့် သာပေါင်း၊ ကန်ကြီးတောင့်၊ ပုသိမ်၊ ဖျာပုံနဲ့ လေးမျက်နှာ မြို့နယ်တွေက လူနေအိမ် ၉၀ ကျော် ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှတ်တမ်းတွေအရသိရပါတယ်။