နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်

အာဏာသိမ်း စစ်ကောင်စီက တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးအတွက် ဟု ဆိုကာ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်ပြုမှုနှင့် အညီ စနစ်တကျ လိုင်စင်ထုတ်ပေးရန် အသိပေးထုတ်ပြန်ခဲ့ပြီးနောက် လက်နက်ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

တရားမဝင် ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများအား လိုင်စင်လျှောက်ထားရန် စစ်ကောင်စီက ပြီးခဲ့သည့် မေလ ၉ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပြီး လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားသည့်အခါ လျှောက်ထားသည့် သေနတ်အား မည်သို့မည်ပုံ ရရှိသည်ကို စစ်ဆေးမေးမြန်းသွားမည် မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်ခဲယမ်းနှင့်တကွ အပ်နှံလျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ဒါဟာလည်း ပြည်သူအချင်းချင်းကြားထဲမှာ ပိုပြီးတော့ မတည်မငြိမ်ဖြစ်အောင်၊ တစ်ယောက်နဲ့တစ်ယောက် ကြောက်ရွံ့နေ တဲ့ အခြေအနေဖြစ်အောင် ဖန်တီးတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ နောက်တစ်ခုကတော့ အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းပြည်ကို သူတို့ကိုယ်တိုင် မကာကွယ်နိုင်တော့ဘူးဆိုတာကို ဖော်ပြလိုက်တဲ့သဘောပဲ” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိကာလတွင် အပြစ်မဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ် တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုအတွင်း၌ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကာ တရားမဝင် ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိနေရသည်ဟု စစ်ကောင်စီက ဆိုသည်။

ယင်းအပြင် မူလရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေး အတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများ လက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည် အချိန်မရွေး ပြောင်းလဲသွားနိုင်ပြီး တရားမဝင် ကိုင်ဆောင်ထားခြင်းဖြစ်သဖြင့် တစ် ချိန်ချိန်တွင် တစ်လွဲအသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဥပဒေနှင့်လည်း ညီညွတ်မှုမရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

“လိုင်စင်လျှောက်တဲ့ ကိစ္စတွေ၊ နောက်ပြီး လက်နက်ကို တရားဝင်ဝယ်ယူဖို့ ကိစ္စတွေဆိုတာကတော့ သာမန်ပြည်သူတွေကတော့ လုပ်မယ်လည်း မထင်ဘူး၊ လုပ်လည်းလုပ်နိုင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့(စက စ) အချင်းချင်းတွေ ကြားထဲမှာတော့ လက်နက်ကိုင်ဆောင်မှုကို တရားဝင်ဖြစ်အောင် လုပ်ပေးမယ်။ မင်းတို့ကို ငါတို့မကာကွယ်နိုင်ဘူး မင်းတို့ဘာသာ ကာကွယ်တော့ဆိုတာမျိုးနဲ့ စစ်အုပ်စုကို ထောက်ခံအားပေးတဲ့သူအချို့ လက်နက် ကိုင်တာကို တရားဝင်ဖြစ်အောင် သူတို့(စကစ) လုပ်ကိုင်ဆောင်ရွက်ပေးတဲ့ သဘောလို့ပဲ မြင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားမှုအပေါ် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီ စိစစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ပြီး သီးခြားထုတ်ပြန်ပေးမည့် သတ်မှတ် ကာလအတွင်း လက်နက်ခဲယမ်းအပ်နှံ၍ လိုင်စင်လျှောက်ထားခြင်းမရှိပါက ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“အခု ကြေငြာချက်အားဖြင့် လက်နက်ကိုင်ဆောင်လိုသူတွေကို သိလို၊ စာရင်းပြုစုလိုတဲ့ သဘောနဲ့ ပြည်တွင်းမှာ လက်နက်ပြန့်နှံမှု အခြေအနေကို သိလိုတဲ့အတွက် ဒီလိုမျိုး အစစ်အဆေး အမေးအမြန်းတွေကို လျော့ပေါ့ပြီး လျှောက်လာကြအောင် ဆွဲဆောင်တယ်လို့ မြင်ပါတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တရားမဝင် ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများအား လိုင်စင်လျှောက်ထားရန် အသိပေးခဲ့ပြီးနောက် မေလ ၁၁ ရက်နေ့စွဲဖြင့် လက်နက်ဥပဒေကို ပြဋ္ဌာန်းကာ ပြည်ထဲရေးဝန်ကြီး ဦးဆောင်သည့် နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကိုလည်း ယင်းဥပဒေတွင် ဖွဲ့စည်းခဲ့သည်။

လက်နက်သယ်ယူခွင့်၊ လက်နက်ကိုင်ဆောင်ခွင့်၊ တရားဝင် လက်ဝယ်ထားရှိခွင့်တို့နှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ထိန်းချုပ်ကြပ်မတ်နိုင်ရန်၊ တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းကို တားဆီးကာကွယ်ရန် စသည့်ရည်ရွယ်ချက် များဖြင့် လက်နက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“တဖက်မှာလည်း လက်နက်တွေ လာအပ်ရင် ဆုကြေးငွေ ပေးမဲ့အကြောင်းလည်း ကြေငြာထားပါသေးတယ်။ အဓိကက ပြည်သူတွေကြား လက်နက်ပြန့်နှံမှု အခြေအနေကို စာရင်းပြုစုပြီး ထိန်းချုပ်ခွင့်ပြုနိုင်ဖို့ ကြိုးစားတယ်လို့ မြင်ပါတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောသည်။

စစ်ခေါင်းဆောင် လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့သော စစ်ကောင်စီ၏ လက်နက်ဥပဒေတွင် အခန်း ၉ ခန်းပါရှိပြီး လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ထိုဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တစ် ရပ်ရပ်ကိုဖြစ်စေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ သတ်မှတ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာရန်ပျက်ကွက်ပါက ထိုသူကို ခြောက်လထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း ဖော်ပြထားသည်။

“ဒီထုတ်ပြန်ချက်မှာ အထင်ရှားဆုံး တွေ့ရတာက စစ်ကောင်စီသည် သူ့ကိုထောက်ခံတဲ့သူတွေ၊ သူရဲ့အဝန်းအဝိုင်းမှာရှိတဲ့ လူတွေကို လုံခြုံရေးမပေးနိုင်တော့ဘူး။ နောက်တစ်ချက်ကတော့ အောက်ခြေမှာ လက်နက်ုနဲ့ ပတ်သက် တဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိနေတာကို မထိန်းနိုင်တော့ဘူးဆိုတာ ကျွန်တော်တို့တွေ့ရပါတယ်” ဟု ဒေါင်းမင်းစစ်ကြောင်း တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

#လက်နက်ဥပဒေ #တရားမဝင်ကိုင်ဆောင်ခဲ့သည့် လက်နက်ခရမ်း #လိုင်စင် #Ayeyarwaddy -Times