ဧရာဝတီတိုင်းမ်
(ဟားခါး)၊ မေလ ၁၂ ရက်

ဟားခါးမြို့နယ်၊ ဆဲန်ထန်နယ်၊ ခွာပီးကျေးရွာနှင့် CDF-Senthang ဌာနချုပ်တပ်စခန်းတို့ကို စစ်ကောင်စီက ယမန်နေ့နံနက် သန်းခေါင်ယံ ၁၂ နာရီကျော်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဌာနချုပ်မီးလောင်ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိ​ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-ဆဲန်ထန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် ကျွန်တော်တို့က စိတ်ဓာတ်ကျသွာတာမျိုး (လုံးဝ)မရှိဘူး။ အရင်တုန်းကထက် စိတ်ဓာတ်ခွန်အား အများကြီးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေကို ခံစားရတဲ့အချိန်မှာ ကျွန်တော်တို့ အောင်မြင်အောင် မတော်လှန်ဘူးဆိုရင် နောင်လာမယ့် မျိုးဆက်အတွက် ဒီလိုထပ်ပြီးတော့ ခံစားရမှာကို မလိုချင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ပြင်းပြင်းထန်ထန်ဆက်ပြီးတော့ တော်လှန်တိုက်ခိုက်သွားမယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-ဆဲန်ထန်ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လုံခြုံရေးအခြေအနေအရ ဆဲန်ထန်းနယ်အတွင်းရှိ ဟားခါး-မတူပီလမ်းကို မေလ ၁၁ ရက်နေ့မှ ယာယီပိတ်ထားကြောင်း CDF-Senthang သတင်းနှင့်ပြန်ကြားရေးက ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် တိုက်ခတ်မည့် ဆိုင်းကလုန်းမုန်တိုင်းလမ်းကြောင်းတွင် ချင်းပြည်နယ်လည်း ပါဝင်နေပြီး မုန်တိုင်းတိုက်ခတ်မည့်အခြေအနေကြောင့် ချင်းပြည်သူများက စိုးရိမ်နေစဥ် စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို ချင်းပြည်နယ်အတွင်း ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်သည်။
ဓာတ်ပုံ-CDF-Senthang
#ဟားခါးမြို့နယ် #ဆဲန်ထန်နယ် #ချင်းကာကွယ်ရေးတပ်ဖွဲ့ဆဲန်ထန် #ဌာနချုပ် #လေကြေ