နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်)၊ မေလ ၁၂ ရက်

ဧရာဝတီတိုင်း မအူပင်မြို့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ချိုးဖောက်သည်ဟုဆိုကာ (၃)ရက်အတွင်း ဖမ်းဆီးခံထားရသူ ဒေသခံ ၂၄ ဦးအနက် ၁၈ဦးကို မေလ (၁၁)ရက်နေ့က မအူပင်မြို့နယ် တရားရုံးမှ ထောင်ဒဏ် တစ်လ ချက်မှတ်လိုက်ကြောင်းတရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ဖမ်းဆီးခံရသည့် ဒေသခံအများစုသည် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရသူများဖြစ်ကာ ထွေအုပ်က တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

“ မအူပင်မြို့မှာ အာဏာသိမ်းပြီးစ ကိုဗစ်ကာလတွေမှာလည်း ညမထွက်ရအမိန့်ကိုထုတ်ပြန်ထားခဲ့တာကြောင့် တရွာနဲ့တရွာကူးကြတာတောင်မှ အခန့်မသင့်ရင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတွေက ဖမ်းဆီးအရေးယူတာတွေလုပ်ကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီနဲ့ပတ်သတ်နေသူတွေ သတင်းပေးဒလန်တွေ သူတို့ကိုထောက်ခံတဲ့သူတွေကိုတော့ ဖမ်းဆီး အရေးယူတာမျိုးတော့ မရှိဘူး” ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင်မြို့သည် ဧရာဝတီတိုင်းအတွင်းခရိုင်မြို့ဖြစ်ပြီး မအူပင်ခရိုင်လက်အောက်ရှိ ပန်းတနော် ဓနုဖြူ ညောင်တုနိးမြို့နယ်များတွင်လည်း ကိုဗစ် စတင်ဖြစ်ပွါးစဉ် ကတည်းကပင် ညမထွက်ရအမိန့်ချိုးဖောက်မှုဖြင့် ဖမ်းဆီးခံရသူအများအပြားရှိခဲ့ရာ ငွေဒဏ်ဖြင့်သာ ချမှတ်ခဲ့သော်လည်း ယခုအခါ ထောင်ဒဏ်ချမှတ်လာခြင်း ဖြစ်သည်။

ညမထွက်ရ အမိန့်ချိုးဖောက်မှုဖြင့် ၃ ရက်အတွင်း ဖမ်းဆီးခံထားရသူ ၂၄ ဦးထဲက ၁၈ ဦးကို ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ပြီး ကျန်သူများကို ရုံးချိန်း ပြန်ချိန်းခဲ့ကြောင်း သိရသည်။