ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်
ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ မင်းပြားမြို့နယ်အတွင်းသို့ မုန်တိုင်းရှောင်လာသည့် ဒေသခံ ၂၀၀၀ ကျော်ကို ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မုန်တိုင်းရှောင်လာသည့် မြေပုံမြို့နယ်အတွင်းက ဒေသခံ ၂၀၀၀ ကျော်မှာ သစ်ပုတ်တောင်၊ကျောက်ခုတ်၊မြောင်ချောင်း၊ရန်တိုင်၊စအင်း၊ချော်ချောင်း၊ပြန်ဝစသည့် ကျေးရွာများသို့ တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့တိမ်းရှောင်လာသူများအား ရက္ခိုင့်တပ်တော် ULA/ AA တပ်ဖွဲ့ဝင်များက စက်လှေများဖြင့်သွားရောက်ယူဆောင်ကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း တိမ်းရှောင်လာသူများကပြောသည်။
” ကျွန်မတို့ ရွာကနေရှောင်လာဖို့စီစဉ်နေတာတော့ တစ်ရက်၊ နှစ်ရက်ရှိနေပါပြီ။ဒါပေမဲ့မုန်တိုင်းအခြေအနေစောင့်ကြည့်ရင်း အခုကပိုဆိုးလာတဲ့အနေအထားမို့လို့ ရှောင်လာကြတာပါ။
ကျွန်မတို့ကို တပ်တော်တပ်ဖွဲ့ဝင်တွေက စက်လှေတွေနဲ့လာခေါ်ပေးတယ်။ ပြီးတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ၊မသန်စွမ်းတွေကို သူတို့ထမ်းပိုးပြီးခေါ်ကြတယ်။တစ်ခြားအရေးပေါ်အခြေနေတွေမှာလည်း ကူညီပေးမယ်။စိတ်မပူကြနဲ့လို့ပြောပါတယ်” ဟု မုန်တိုင်းရှောင်လာသည့် အသက် ၃၀ ကျော်အရွ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြေပုံမြို့နယ်ရှိ ငမန်းရဲကျွန်းမှာ မိုးကြီးလျှင် လူနေအိမ်များပါ ရေမြှုပ်လေ့ရှိသည့်အတွက် လက်ရှိဖြစ်ပေါ်နေသည့် မိုချာမုန်တိုင်းအန္တရာယ်ကိုကာကွယ်ရန် ရှောင်တိမ်းလာကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
” ဆွေမျိုးရှိသူတဲ့သူတွေကတော့ ဆွေမျိုးအိမ်ကိုရောက်သွားကြတယ်။မရှိတဲ့သူတွေကတော့ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းမှာနေကြတယ်။စားရေးသောက်ရေးကတော့ သူတို့မှာကြိုတင်ပြင်ဆင်ပြီးလာတာဆိုတော့ ရိက္ခာတွေလုံလုံလောက်လောက်တော့ပါလာတာတွေ့ရတယ်။တခြားလိုအပ်တဲ့အကူအညီတွေရှိရင်တော့ ကျနော်တို့ရွာခံသားတွေကပဲ ကူညီဖေးမပေးရမှာပေါ့” ဟု သစ်ပုတ်တောင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုချာဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ သတိထားကြရန်နှင့်ကြိုတင်ကာကွယ်ထားကြရန် ULA က သတိပေးထုတ်ပြန်ထားသလိုမုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအခြေနေအပေါ်မူတည်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများ၊အရေးပေါ်လိုအပ်ချက်များရှိလာပါက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO နှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောဆိုထားသည်။
မိုချာ ဆိုင်ကလုန်း မုန်တိုင်းသည် မေလ ၁၄ ရက်နေ့ တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းကို လေတိုက်နှုန်း တစ်နာရီလျင် မိုင် တစ်ရာနှုန်းနီးပါးဖြင့် ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသ ပညာရှင်များနှင့် လေ့လာသူများက ပြည်သူလူထု ကို အသိပေးထားသည်။
၂၀၁၁ခုနှစ်ကလည်း ဂီရိအမည်ပေးထားသည့် ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှု ကြီးစွာဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ- ABN(မုန်တိုင်းရှောင်ပြည်သူများကို ကူညီပေးနေသည့် AA တပ်ဖွဲ့ဝင်များ)
# မိုချာ #မြေပုံ #မင်းပြား #မုန်တိုင်းရှောင် #ဒေသခံ #ULA #AA
#Ayeyarwaddy_Times