နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်

မြန်မာနိုင်ငံ အနောက်ဘက်မြောက်ဘက်ဒေသများသို့ ဝင်ရောက်လာနိုင်ဖွယ်ရှိသော “မိုချာ“ မုန်တိုင်း ဘေးအန္တရာယ်နှင့် ဆက်လျဥ်း၍ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဥ်များ ဆောင်ရွက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ထံက သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MoHADM) ၏ Facebook စာမျက်နှာနှင့် PVTV , radio NUG တို့မှတဆင့် မုန်တိုင်းပြောင်းလဲမှု အခြေအနေများနှင့် ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ပြင်ဆင်ထားရန်အချက်များကို သတိပေး နှိုးဆော်လျက်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“ပြည်သူတွေအနေနဲ့ မပေါ့ဆပဲ အထူးသတိထားကြဖို့နဲ့ နိုင်ငံတကာအနေနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ပေးတဲ့အခါ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကတဆင့် ချိတ်ဆက်လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

NUG အနေဖြင့် ထိခိုက်နိုင်ချေမြင့်မားသည့် ဒေသများရှိ ပြည်သူများအကြား အရေးပေါ်သတိပေးချက် များ ပိုမိုပျံ့နှံ့ရောက်ရှိစေရေး၊ မုန်တိုင်းနောက်ဆက်တွဲ ရေလွှမ်းနိုင်သည့် ဒေသများအား ဘေးကင်းရာသို့ အချိန်မီ ရွှေပြောင်းနေရာ ချထားရေး တို့ကို လုပ်ဆောင် လျက်ရှိကြောင်းလည်း ဦးနေဘုန်းလတ်ထံက သိရသည်။

ယင်းအပြင် စစ်ဘေးရှောင် ပြည်သူများအတွက် ရိက္ခာနှင့် အခြားလိုအပ်ချက်များ ပြင်ဆင်ထားရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပေါင်းစပ်ကော်မတီဖွဲ့၍ ထိရောက်စွာလုပ်ဆောင်နိုင်ရေးတို့ကို လုပ်ဆောင်လျက်ရှိသည်ဟုလည်း ဦးနေဘုန်းလတ်က ဆိုသည်။

NUG အနေဖြင့် ဘေးအန္တရာယ် ထိခိုက်နိုင်ချေမြင့်မားသည့် ချင်း၊ ရခိုင် စသည့် ဒေသများမှ လူသားချင်းစာနာမှုဆိုင်ရာနှင့် အုပ်ချုပ်စီမံမှုဆိုင်ရာ တာဝန်ရှိသူ တိုင်းရင်းသားအင်အားစုများ အပါအဝင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းတို့မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေး ပြင်ဆင်မှုများ တိုင်ပင်ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး တာဝန်ရှိ သူများနှင့် လည်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး သတင်းအချက်အလက်များ မျှဝေဆောင်ရွက်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာ ကာ ဆိုင်ကလုန်းမုန်တိုင်း “မိုချာ” အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းက တိုင်းထွာချက်များကို အခြေခံ၍ စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – MoHADM
#မိုချာမုန်တိုင်း #NUG #ကြိုတင်ပြင်ဆင်မှု #Ayeyarwaddy_Times