ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်

မိုချာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေမြို့ အပါ အဝင် မြို့နယ်အချို့တွင် ယခုမေလ အတွင်း ဆန်ဈေးနှုန်းနှင့် အခြေခံ စားသောက် ကုန်ပစ္စည်းအချို့ ဈေးမြင့်တက် သွားကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ၈၀,၀၀၀ကျပ်(ရှစ်သောင်း) နှင့် ဆန်ချေ (ဆန်ကြမ်း)အမျိုးအစား တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀(ခြောက်သောင်း) ဝန်းကျင်သာရှိခဲ့သော်လည်း ယခုလ(မေလ) ဒုတိယအပတ်မှစ၍ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀(တစ်သိန်းနှစ်သောင်း) ဝန်းကျင်နှင့် ဆန်ကြမ်းအမျိုးအစားတစ်အိတ်ကို ၉၀,၀၀၀(ကိုသောင်း) ကျော်အထိ ဈေးနှုန်း မြင့်တက်နေ ကြောင်း ဆန်ကုန်သည်များထံက သိရသည်။

” ဆန်ဈေးက အရမ်းကို တက်သွားပါတယ်။ လယ်သမားတွေမှာလည်း ရောင်းစရာ စပါးတွေမရှိတော့ ကုန်သည်ကြီးတွေက ဈေးကစားတာထင်တယ်။ ကျွန်တော်တို့လည်း ဆန်တစ်အိတ်ကို တစ်သိန်းကျော်နဲ့ပဲရောင်းပေးနိုင်မယ်။ ဒီထက်ဈေးလျှော့ပြီးတော့ ရောင်းလို့ မရဘူး ဖြစ်နေတယ်။ လက်ရှိဆန်ဈေးနှုန်းကတော့ သာမန်လက်လုပ် လက်စား တွေအတွက် အရမ်းကို ရုန်းကန်ရမယ့်အခြေအနေပါ။ ဆန်ဈေးကို ဆက်မထိန်းနိုင် ရင်တော့ ပိုက်ဆံရှိတဲ့သူကစား မရှိတဲ့သူက ငတ်မဲ့ကိန်းပဲ” ဟု စစ်တွေမြို့မှ ဆန်ရောင်း ချနေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်ကြသည့် ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းနှင့် ကြက်ဥဈေးတို့မှာလည်း ယခုရက်ပိုင်းအတွင်း တဟုန်ထိုးဈေးတက် သွားကြောင်း ဈေးဆိုင်ရောင်းချနေသူများထံမှသိရသည်။

ယခင်က စားသုံးဆီတစ်လီတာကို ၄,၀၀၀ ကျပ် ရှိခဲ့ရာမှ လက်ရှိတွင် တစ်လီတာကို ၅,၀၀၀ကျပ် ၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူ တပိဿာကို ၃,၀၀၀ ကျပ်မှ လက်ရှိတွင် ၄,၀၀၀ ကျပ်၊ ငရုတ်သီးစိမ်းတပိဿာကို ၂,၀၀၀ ကျပ်မှ ၅,၀၀၀ကျပ် အထိ ဈေးမြင့်တက်သွားပြီး ကြက်ဥဈေးမှာလည်း တစ်လုံး ၂၅၀ ကျပ်မှ ၄၀၀ ကျပ် နီးပါးအထိ ဈေးနှုန်းများမြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။

“တစ်နေ့ကအထိ ငရုတ်သီးစိမ်း တပိဿာကို ၂၀၀၀ နဲ့ဝယ်ရောင်းလိုက်သေးတယ်။ ဒီနေ့တော့ ၅၀၀၀ ဖြစ်သွားပြီ။ ဘယ်လိုရောင်းစားရမလဲ တောင်မသိတော့ဘူး။ လာဝယ်တဲ့သူတွေကိုလည်း အားနာတယ်။ မုန်တိုင်းကြေညာလိုက်လို့ တက်တာလား၊ ပွဲရုံတွေကလာကတည်းက ဒီဈေးပဲလားဆိုတာတော့ မပြောတတ်တော့ဘူး။ အခုက ပစ္စည်းတစ်မျိုးတည်း ဈေးတက်နေတာမျိုးမဟုတ်တော့ဘူး။ အကုန်လုံးဈေးတက် နေတာ” ဟု စစ်တွေမြို့၊မင်းဂံရပ်ကွက်မှ ဈေးဆိုင်ရောင်းချနေသူ ဒေါ်သိန်းမေက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လာမည့် မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင်တိုက်ခတ်မည့် မိုချာဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းရှိ ဒေသခံများအနေဖြင့် ကြိုတင်ပြင်ဆင် ကာကွယ်မှုပြုလုပ်ထားကြရန်၊ စားနပ်ရိက္ခာများ၊ လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါးများကိုလည်း ကြိုတင်ပြင်ဆင်ထားရန် ရက္ခိုင့်တပ်တော် (ULA/AA) နှင့် စစ်ကောင်စီ နှစ်ဖက်စလုံးက သတိပေးပြောဆိုထားသည်။

သို့သော်လည်း လက်ရှိကုန်ဈေးနှုန်းများမြင့်တက်နေသည့်အတွက် အခြေခံ လူတန်း စားများမှာ ၎င်းတို့သတိပေး ပြောကြားထားသလို ရိက္ခာများကြိုတင်စုဆောင်းရန် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသည်။

“ကျွန်မယောကျာ်းက မြစ်ထဲမှာငါးရှာပြီး ကျွန်မက ဈေးမှာရောင်းပါတယ်။ မုန်တိုင်း ကြေညာထားကတည်းက ယောကျာ်းက မြစ်ထဲမဆင်းပါဘူး။ စုထားတာလေးနဲ့ ချွေတာစားသောက်နေတာပါ။ အခုမုန်တိုင်းလည်းရှိတယ်ဆိုတော့ စားနပ်ရိက္ခာတွေ ကြိုဝယ်ထားဖို့အတွက် ပိုက်ဆံကလုံလုံလောက်လောက် မရှိဘူးဖြစ်နေတယ်။ ဆန်က အစအကုန် ဈေးတက်နေတော့ လက်ထဲမှာရှိတဲ့ငွေက မိသားစုတစ်စုစာစားဖို့အတွက် အဆင်မပြေဘူး”ဟု ပုဏ္ဏားကျွန်းမြို့မှ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မိုချာဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၃ ရက်နေ့တွင် စစ်တွေမြို့သို့ဝင်တိုက်ခတ်ကာ ၁၄ ရက်နေ့တွင် မုန်တိုင်းဗဟိုချက်စစ်တွေ ရသေ့တောင်ကြားရှိ မကျည်းချောင်းက နေဝင်ရောက်မည်ဖြစ်သည်။ ထို့ပြင် မုန်တိုင်းဝန်း မိုင်၅၀ ကျော်ရှိသည့် အတွက် မြေငူကျွန်း၊ စစ်တွေ ၊ ရသေ့တောင်၊ ဘူးသီးတောင် ၊မောင်တော ၊မြေပုံ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့် မြို့နယ်များတွင် အထိအခိုက်အပျက်အစီးများနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းပြောဆိုထားသည်။

ထို့အပြင် မုန်တိုင်းဝင်ရောက်စဉ် တစ်နာရီ မိုင် ၉၀ မှ မိုင်၁၀၀ အထိ လေပြင်းတိုက် ခတ်နိုင်ပြီး ရေလှိုင်းအမြင့်မှာလည်း ၃၂ပေ မှ ၃၆ ပေ အထိ ရှိနိုင်သည့်အပြင် မိုးရေချိန် ၂၀၀ မီလီမီတာမှ ၃၀၀ မီလီမီတာအထိ ရွာသွန်းနိုင်သောကြောင့် ဒေသခံများ အနေဖြင့် ဘေးကင်းရာ ကုန်းမြင့်ဒေသများသို့ပြောင်းရွှေ့နေထိုင်ကြရန်လည်း မိုးလေဝသ ပညာရှင်များက တိုက်တွန်းသတိပေးထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်(စစ်တွေမြို့မဈေးကြီးက ဈေးသည်အချို့ကိုတွေ့ရစဉ်)

#ရခိုင်မြောက်ပိုင်း #စစ်တွေ #မိုချာဆိုင်ကလုန်းမုန်တိုင်း #ရုတ်တရက် #ဆန်နှင့်အခြေခံစားသောက်ကုန် #စျေးနှုန်းမြင့်တက် #Ayeyarwaddy_Times