ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
မေလ ၁၁ ရက်
ယခု ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း သတင်းတွေ ဖတ်နေရင်း စာရေးသူခေါင်းထဲ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအကြောင်းကို ပြေးသတိရမိတယ်။
လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးနဲ့ ငပုတောအပါအဝင် ဧရာ၀တီတိုင်းသား အများအပြားကတော့ မုန်တိုင်းလို့ပြောလိုက်တာနဲ့ နာဂစ်ကို တန်းပြီး သတိရနေကြမှာပါ။ အဲ့ဒီလို သတိရမှုနဲ့အတူ သူတို့ရင်ထဲမှာ ကြောက်ရွံ့မှုနဲ့ နာကျင်ကြေကွဲ ဝမ်းနည်းမှုတွေလည်း တပြိုင်နက်ထဲ ပေါ်လာမယ်ဆိုတာ ကျိန်းသေပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာဂစ်ဟာ သူတို့ရဲ့မိဘဆွေမျိုးတွေ၊ စည်းစိမ်ဥစ္စာတွေနဲ့ ဘ၀များစွာကို တစ်စစီဖြစ်အောင် ရိုက်ချိုးနင်းချေ ဖျက်ဆီးခဲ့လို့ပါပဲ။
မြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးသဘာ၀ဘေးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၈,၀၀၀ ခန့် သေကြေခဲ့ပါတယ်။ သာမာန်ကြည့်ရင်တော့ အဖျက်စွမ်းအားကြီးတဲ့ မုန်တိုင်းကြီးကြောင့် လူသေဆုံးမှုများတယ်လို့ ထင်ဖွယ်ရာရှိပါတယ်။
ဒါပေမယ့် မြန်မာပြည်သူတွေ သိန်းနဲ့ချီ သေခဲ့ရတဲ့အဓိကအကြောင်းအရင်းကို ရှာဖွေကြည့်မယ်ဆိုရင် အဲ့ဒီအခါက တာဝန်ယူအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ စစ်ကောင်စီ) ရဲ့ တာဝန်မဲ့မှု၊ ညံ့ဖျင်းမှုနဲ့ ရက်စက်ယုတ်မာမှုတွေကြောင့်ဆိုတာ ထင်ထင်ရှားရှား တွေ့ရပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဟာ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ ည ၁၂ နာရီအချိန်မှာ ဧရာ၀တီမြစ်၀ကျွန်းပေါ် ကုန်းမြေကို စတင်ဝင်ရောက်ပါတယ်။ တကယ်တော့ နာဂစ်ဖြစ်လာမယ့် လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယသမုဒ္ဒရာထဲမှာ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ကတည်းက ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်းနဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြစ်လာပြီးတဲ့နောက် ဧပြီလ ၃၁ ရက်နဲ့ မေလ ၁ ရက်နေ့မှာတော့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိလာပါတယ်။ မုန်တိုင်း လမ်းကြောင်းဟာ အစောပိုင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဦးတည်ခဲ့ပေမယ့် နောက်ပိုင်းမှာ လူဦးရေ ၆ သန်းရှိတဲ့ မြစ်၀ကျွန်းပေါ်ဒေသကို ဦးတည်ရွေ့လျားလာခဲ့ပါတယ်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက နာဂစ်မုန်တိုင်းအခြေအနေကို တောက်လျှောက်သတိပေးနေသလို ထိုအချိန်က မိုးလေဝသဌာန ညွန်ချုပ် ဒေါက်တာ ထွန်းလွင်ကိုယ်တိုင် နအဖ စစ်ကောင်စီခေါင်းဆောင်တွေထံ မုန်တိုင်း အခြေအနေကို တင်ပြခဲ့တယ်။ (ဆရာကြီး ဒေါက်တာထွန်းလွင်က နာဂစ်မုန်တိုင်းကာလက ကြိုးပမ်းမှုတွေကို စာပေဟောပြောပွဲတွေမှာ အလျဉ်း သင့်သလို ထည့်သွင်းပြောဆိုရင်း တိုင်းပြည်ကို ရှင်းပြသွားခဲ့ပါတယ်။)
အဲဒီအချိန်က အုပ်ချုပ်နေတဲ့ ဗိုလ်သန်းရွှေဦးဆောင်တဲ့ နအဖစစ်ကောင်စီဟာ သူတို့ ၁၄ နှစ်ကြာအောင် အချိန်ဆွဲရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ် မေလအတွင်းမှာ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကျင်းပဖို့ အားခဲထားတယ်။
၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်တပ်က ဥပဒေနဲ့အညီ တိုင်းပြည်အပေါ် ကြိုက်သလို အနိုင်ကျင့်ဗိုလ်ကျလို့ရအောင် သေချာအချိန်ယူ ရေးဆွဲထားတာဖြစ်လို့ ဒီဖွဲ့စည်းပုံအသက်သွင်းရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟာ ဗိုလ်သန်းရွှေတို့ နအဖစစ်ကောင်စီအတွက် အင်မတန်အရေးကြီးတဲ့လုပ်ငန်းစဉ်ဖြစ်နေပါတယ်။
ဒါကြောင့် နအဖစစ်ကောင်စီဟာ ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲ ပျက်မှာစိုးလို့ အဖျက်စွမ်းအားကြီးမားတဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး မြစ်၀ကျွန်းပေါ်ဒေသကို ဝင်မယ်ဆိုတာ ကြိုတင်သိပါလျှက်နဲ့ မုန်တိုင်းအန္တရာယ် အထူး သတိပေးတာ၊ ပြည်သူတွေကို ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းတာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြိုတင်ပြင်ဆင်တာတွေ ဘာတစ်ခုမှ ထိထိရောက်ရောက် မလုပ်ခဲ့ဘဲ “မင်းတို့ဘာသာ သေချင်သေ၊ ငါ့ပွဲတော့ အပျက်မခံနိုင်ဘူး”ဆိုတဲ့သဘောနဲ့ ဧရာ၀တီသားတွေကို နာဂစ်မုန်တိုင်းကြားမှာ ပစ်ထားခဲ့ပါတယ်။
စာရေးသူဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဧရာ၀တီတိုင်းက နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး၊ ကျိုက်လတ်၊ မော်ကျွန်း၊ ငပုတောနဲ့ လပွတ္တာဒေသတွေကို အကြိမ်ကြိမ်ရောက်ခဲ့သလို နာဂစ်မုန်တိုင်းကြားက အသက်မသေဘဲကျန်ခဲ့သူတွေနဲ့ အင်တာဗျူးတွေ မေးမြန်းခဲ့ပါတယ်။
“မုန်တိုင်းရှိတယ်ဆိုတာ သိတယ်။ ဒါပေမယ့် သာမန်လိုပဲ ထင်ခဲ့တယ်။ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းတွေက ဘာတစ်ခုမှအသိပေးတာ မရှိဘူး၊ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ဘာတစ်ခုမှ စီမံဆောင်ရွက်ပေးခဲ့တာမရှိဘူး” လို့ သူတို့က စာရေးသူကို ပြောပြကြပါတယ်။
စစ်အာဏာရှင်တွေဆိုတာက “ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော” ဆိုတဲ့စိတ်ဓာတ်နဲ့ ကိုယ့်အာဏာ တည်မြဲရေးကိုပဲ အလေးထားပြီး ပြည်သူလူထု ဘာဖြစ်နေနေ ဂရုမစိုက်ဘဲ ပစ်ထားကြသူတွေချည်းပါပဲ။ ခက်တာက ဗိုလ်သန်းရွှေ ဧရာ၀တီသားတွေကို ပစ်ထားခဲ့တာဟာ ၁ နာရီကို မိုင် ၁၃၀ ကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်နေခဲ့ပါတယ်။
ဒီလိုနဲ့ နာဂစ်မုန်တိုင်းဟာ မေလ ၂ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ ဧရာ၀တီမြစ်၀ကျွန်းပေါ်ဒေသကို ၁ နာရီ မိုင် ၁၃၀ နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်ပါတော့တယ်။ ညကြီး မှောင်ကြီးမည်းကြီးထဲမှာ လေတွေကတဝေါဝေါတိုက်၊ အိမ်တွေကတစ်လုံးပြီးတစ်လုံးပြို၊ မြေပြင်ညီဒေသမို့ ပြေးစရာ ကုန်းမြင့်က မရှိ၊ ဒီရေတွေက နေရာပေါင်းစုံကနေ တဝေါဝေါနဲ့ တက်လာတဲ့ နောက်မှာတော့ မုန်တိုင်းဟာ မြစ်၀ကျွန်းပေါ်သားတွေရဲ့ အသက်တွေကို အစုလိုက် အပြုံလိုက် နုတ်ယူခဲ့ပါတယ်။ ဧရာတိုင်းသားတို့ သေဆုံးမှုဟာ အတုံးအရုံးပါပဲ။
မြေပြင်ညီဖြစ်တဲ့ဒေသမှာ မုန်တိုင်းဒီရေဟာ ၁၂ ပေကျော်အထိ မြင့်တက်ခဲ့တဲ့အတွက် ဧရာ၀တီဒေသခံတွေဟာ ဆောက်တည်ရာမရ ပြေးလွှားကြရင်း ရေထဲမျောသူတွေမျော၊ ရပ်ထဲရွာထဲက ၂ ထပ်အိမ်အမြင့်တွေ၊ စာသင်ကျောင်းတွေထဲ လူတွေစုပြုံတိုးရင်း အဆောက်အဦးတွေပြိုကျလို့ သေတဲ့လူကသေ၊ တဟုန်ထိုး စီးဆင်းနေတဲ့ရေစီးကြောင်းထဲမျောပါရင်း သစ်၊ ဝါး၊ အပျက်အစီးစတွေနဲ့ထိုးမိပြီး ရေထဲမှာ အသက် ဆုံးကြသူတွေလည်း မနည်းမနောပါဘဲ။ အဲ့ဒီညဟာ ဧရာ၀တီသားတွေ အရှင်လတ်လတ် ငရဲကျခဲ့တဲ့ညပါ။
“အဲဒီတုန်းက မုန်တိုင်းလာမှာလည်း ကျွန်တော်တို့မသိဘူး။ ဒီအတိုင်းပဲနေနေတာ။ ညနေမှာင်ခါနီးမှာ လေတွေ စတိုက်လာပြီးနောက် အသေကြမ်းတော့တာပဲ။ ရေတွေကလည်း ဝေါဝေါဆိုပြီး အသံနက်ကြီးနဲ့ကို တက်လာတာ။ ကျွန်တော်တို့မိသားစုလိုက် ကုန်းမြင့်တဲ့နေရာကို ပြေးနေရင်းနဲ့ အကုန်လုံး ရေထဲမျောပါ သွားတယ်။ ကျွန်တော်က သစ်ပင်တစ်ခုကိုဖမ်းဆွဲပြီး တက်နိုင်ခဲ့လို့ အသက်ရှင်တာ။ အဲ့တုန်းက ရေထဲ မျောပါနေရင်း ကယ်ပါယူပါနဲ့ အော်ဟစ်အကူအညီတောင်းနေတဲ့လူတွေ မနည်းဘူး။ အများစုက ရေထဲမျောရင်း အပျက်အစီးတွေနဲ့ ထိုးမိပြီး သေကြတာ။ အဲ့မြင်ကွင်းကို ကျွန်တော် ဘယ်လိုမှကို မေ့မရဘူး”လို့ ငပုတောမြို့နယ်၊ သင်္ကန်းကုန်းရွာသားတစ်ဦးက နာဂစ်မုန်တိုင်းအတွေ့အကြုံကို ပြန်ပြောပြပါတယ်။
မုန်တိုင်းကျော်ဖြတ်သွားပြီးတဲ့နောက် လပွတ္တာအပါအဝင် မုန်တိုင်းကို ရင်ဆိုင်လိုက်ရတဲ့ဒေသတွေမှာ လူသေအလောင်းတွေနဲ့ သေဆုံးနေတဲ့တိရိစ္ဆာန်တွေဟာ ချောင်းတွေထဲမှာ၊ လတာပြင်ပေါ်မှာ ၊ ခရာဆူးချုံတွေပေါ်မှာ၊ အပျက် အစီးတွေ အောက်မှာ မြင်မကောင်းအောင် ပြန့်ကြဲနေခဲ့ပါတယ်။ အိမ်တွေ၊ စပါးကျီတွေ၊ ဆားဂိုထောင်တွေ၊ စက်လှေတွေ၊ သင်္ဘောတွေကအစ သောက်ရေကန်အဆုံး နေရာတိုင်းဟာ အပျက်အစီးတွေနဲ့ ပြည့်နေခဲ့တယ်။
မေလ ၂ ရက်နေ့ မနက်ပိုင်းက စည်စည်ကားကားရှိနေတဲ့တချို့ရွာတွေဟာ မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းမှာ တံမြက်စည်းနဲ့ လှည်းလိုက်သလို တစ်ရွာလုံးဘာမှမကျန်တော့ဘဲ မြေပြောင်တွေ ဖြစ်ကုန်တယ်။ ပင်လယ်ဘေးက ရွာတချို့ဆိုရင် တဟုန်ထိုး မြင့်တက်လာတဲ့ ဒီရေတွေက အိမ်တွေရော၊ လူတွေပါ ပင်လယ်ထဲ ဆွဲချသွားခဲ့တယ်။ ရွာဘေးက မြစ်တွေချောင်းတွေထဲ အသက် အရွယ်ပေါင်းစုံနဲ့ အလောင်းတွေ ပြည့်ကုန်တယ်။
နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၈,၀၀၀ ခန့် သေဆုံးခဲ့ရာမှာ လပွတ္တာမြို့နယ်တစ်ခုတည်းမှာပဲ လူ ၈၀,၀၀၀ (ရှစ်သောင်း) လောက် သေခဲ့တယ်။ သေဆုံးသူတွေထဲမှာ ပြည်သူတွေအပြင် စစ်ကောင်စီလက်အောက် အမှုထမ်းနေတဲ့ လပွတ္တာနဲ့ ပြင်ခရိုင်မြို့ အုပ်ချုပ်ရေးဌာန ဝန်ထမ်းတွေလည်း ပါဝင်ခဲ့တယ်။ နအဖ စစ်ကောင်စီဟာ ပြည်သူတွေတင် ပစ်ထားတာမဟုတ်ဘဲ သူ့လက်အောက် အမှုထမ်းနေသူတွေကိုပါ မုန်တိုင်းထဲမှာ ပစ်ထားခဲ့တာ ဖြစ်တယ်။
အဲ့အချိန်တုန်းက ဆယ်ယူသင်္ဂြိုဟ်သူမရှိတဲ့ အလောင်းတွေဟာ လပွတ္တာမြစ်ထဲမှာ ဒီရေအတက်အကျနဲ့အတူ အစုန်အဆန် မျောနေခဲ့ပါတယ်။ ဒေသခံတွေဟာ မြစ်ထဲ၊ ချောင်းထဲမှာ မော်တော်နဲ့သွားလာတဲ့အခါ အလောင်းတွေကို လှေဦးကနေ ဝါးလုံးနဲ့ထိုး ဘေးဖယ်ပြီး သွားခဲ့ရတဲ့အထိကို ဆိုးရွားခဲ့တယ်။
နာဂစ်ကြောင့် မြန်မာနိုင်ငံရဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့ပြီး မြန်မာ့သမိုင်းတလျှောက် လူအသေအပျောက်အများဆုံးနဲ့ အဆိုးရွားဆုံး သဘာ၀ဘေးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဒါ့အပြင် မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ နာဂစ်ဟာ ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီလောက်ကြီးမားတဲ့ သဘာ၀ဘေးကြုံခဲ့ရပြီး ပြည်သူ ၁ သိန်းကျော် သေခဲ့တာကိုတောင် စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေဦးဆောင်တဲ့စစ်ကောင်စီဟာ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကို ထိထိရောက်ရောက် မလုပ်ခဲ့သလို နိုင်ငံတကာက ဆောင်ရွက်ပေးမယ့် လူသားချင်းစာနာမှု အရေးပေါ်အကူအညီတွေကိုလည်း လက်မခံဘဲ ပိတ်ပင်ခဲ့ပါတယ်။
စာရေးသူဟာ ၂၀၁၄ ခုနှစ်က နာဂစ်နှစ်ပတ်လည်ဆောင်းပါးရေးဖို့ လပွတ္တာမြို့ကို သွားခဲ့တဲ့အချိန်မှာ နာဂစ်ဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ပင်လယ်ဘေး ရွေးမြစ်၀က သင်္ကန်းကြီးဆိုတဲ့ရွာကို ရောက်ခဲ့တယ်။ သင်္ကန်းကြီး ဒေသခံတွေရဲ့ ပြောပြချက်အရ နာဂစ်မုန်တိုင်းထဲ ကံကောင်းလို့ မသေသူတွေဟာ ကယ်ဆယ်ရေးတွေ လာမှာပဲ ဆိုပြီး စောင့်ဆိုင်းခဲ့ပေမယ့် ၁ ရက်ကျော်တဲ့အထိ ဘယ်သူမှ ရောက်မလာခဲ့ကြပါဘူး။
စားစရာမရှိ၊ သောက်စရာရေမရှိတဲ့ဘ၀နဲ့ ဒီတိုင်းထိုင်စောင့်ရင် သေကုန်မယ်ဆိုပြီး လပွတ္တာမြို့ပေါ်ကို ခြေလျင်သွားကြသူတွေလောက်သာ အသက်ရှင်ခဲ့ကြကာ ကျန်တဲ့ဒေသခံအများအပြားကတော့ ကူညီ ကယ်ဆယ်မှုတွေနောက်ကျခဲ့တဲ့အတွက် အသက်ဆုံးရှုံးခဲ့ကြတယ်လို့ ပြောပြကြပါတယ်။
“မုန်တိုင်းဖြစ်ပြီးတဲ့နောက်မှာ စားစရာလည်း မရှိတော့ဘူး။ သောက်ရေကန်တွေကလည်း ရေငန်တွေ ဝင်လို့ ပျက်ကုန်ပြီဆိုတော့ ရေသောက်စရာတောင် မရှိတော့ဘူး။ အဲ့ဒီမှာ ဒဏ်ရာရသူတွေ၊ အားနည်းနေသူတွေဟာ
ကယ်ဆယ်ရေးတွေ အချိန်မီရောက်မလာလို့ သေကြတာတွေ ကျွန်မတို့ ဒေသမှာ အများကြီးပဲ။ ကျွန်မတို့တောင် ဒီတိုင်းနေရင် သေကုန်မယ်၊ လပွတ္တာမြို့ပေါ်ကို ရောက်အောင် သွားမှဆိုပြီး ခြေလျင်လျှောက်ကြလို့ အသက်ရှင်ခဲ့တာ”လို့ နာဂစ်မုန်တိုင်းမှာ မသေဘဲကျန်ရစ်ခဲ့တဲ့ သင်္ကန်းကြီးရွာသူ အမျိုးသမီးကြီးတစ်ဦးက ပြောပြပါတယ်။
နာဂစ်မုန်တိုင်းကြောင့် ဒီလောက် ကိုယ့်ပြည်သူ ၁၃၀,၀၀၀ (တစ်သိန်းသုံးသောင်း) ကျော်သေပြီး ပြည်သူတွေသန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်၊ စားရမဲ့သောက်ရမဲ့ ဖြစ်နေတာကိုတောင် ဗိုလ်သန်းရွှေတို့ စစ်အာဏာရှင်တစ်သိုက်ဟာ လုံး၀ဂရုမစိုက်ဘဲ ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဇွတ်ကျင်းပခဲ့ကြပါတယ်။
အဲဒီတုန်းက ပြည်သူအများအပြားဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်း သေချာမသိ၊ ဆန္ဒခံယူပွဲဆိုတာလည်း ဘာမှန်းမသိကြတဲ့အခြေအနေပါ။ အဲဒီ ဘာမှန်းမသိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ပြည်သူပေါင်း ၉၂.၄၆ ရာခိုင်နှုန်းက ထောက်ခံတဲ့အတွက် အတည်ပြုပါတယ်ဆိုပြီး စစ်ကောင်စီခန့် တရားသူကြီးချုပ် ဦးအောင်တိုးက ကြေညာခဲ့ပါတယ်။
နာဂစ်မုန်တိုင်းကာလမှာ အတင်းအဓမ္မ အတည်ပြုခဲ့လို့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “နာဂစ်ခြေဥ”၊ “နာဂစ်ဖွဲ့စည်းပုံ” လို့ သတ်မှတ်ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ အဲ့ဒီ “နာဂစ်ခြေဥ”နဲ့ပဲ ဗိုလ်သန်းရွှေဟာ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ ဗိုလ်သန်းရွှေရဲ့ တပည့်ကျော် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ စစ်ဘောင်းဘီချွတ် ရွေးကောက်ပွဲဝင်ပြီး သမ္မတကြီး ဦးသိန်းစိန်အဖြစ် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်စေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် နာဂစ်မုန်တိုင်းကာလမှာ နအဖ စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေတို့စစ်အုပ်စု လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေဟာ အင်မတန်မှ စက်ဆုပ်ရွံရှာ အော့နှလုံးနာဖွယ်ရာဖြစ်ပါတယ်။ ဒီစစ်အာဏာရူးတွေရဲ့ ယုတ်မာမှုကို အလုံးစုံပေါ်လွင်အောင်ဖော်ပြနိုင်တဲ့ စကားလုံးပင် မရှိလောက်အောင်ကို ယုတ်မာညစ်ထေး ရက်စက်ကြမ်းကြုတ်လွန်းတဲ့သူတွေလို့ပဲ စာရေးသူတော့ မှတ်ချက်ပြုချင်ပါတယ်။
လက်ရှိ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့ဟာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ ၁၅ နှစ်တင်းတင်း ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ နာဂစ်တိုက်ခဲ့တာ ၁၅ နှစ်ရှိခဲ့ပေမယ့် နာဂစ်ကြောင့်ပြိုလဲခဲ့တဲ့ ဘ၀ပေါင်းများစွာဟာ အခုချိန်အထိ နလန်မထူနိုင်သေးသလို နာဂစ်ကြောင့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကိုလည်း
အခုချိန်အထိ ခံစားနေကြရဆဲ ဖြစ်ပါတယ်။
အခုလည်း ဘင်္ဂလားပင်လယ်အော်မှာ မိုချာလို့အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို မေလ ၁၃ ရက်နေ့မှာ ၁ နာရီကို မိုင် ၁၀၀ နီးပါးနဲ့ ဖြတ်ကျော်ဝင်ရောက်ဖွယ် ရှိနေပါတယ်။
ဗိုလ်သန်းရွှေခန့်အပ်ခဲ့တဲ့ ဗိုလ်မင်းအောင်လှိုင်ကလည်း သူ့ဆရာနည်းတူ ပြည်သူလူထုကို ဂရုမစိုက်ဘဲ ပစ်ထားတဲ့နေရာမှာ ထူးချွန်သူမို့ ပြည်သူတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် မုန်တိုင်းဘေးက လွတ်အောင် ရှောင်တိမ်းတာ၊ မုန်တိုင်းကို ရင်ဆိုင်တာနဲ့ ပြန်လည်ထူထောင်ရေး ကိုယ့်ဘာသာကိုယ် ကြိုးပမ်းရဦးမှာ မြေကြီးလက်ခတ် မလွဲပါဘူး။
မြန်မာပြည်သူတွေ မိုချာမုန်တိုင်းကို ဘေးအန္တရာယ်ကင်းစွာ အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ကြဖို့ ဆုတောင်းနေမိပါတယ်။ တဆက်တည်းမှာပဲ မြန်မာ့နိုင်ငံရေးထဲမှာ မုန်တိုင်းတစ်ခုလို မွှေနှောက်ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်စနစ်ကိုလည်း ပြည်သူလူထုအားနဲ့ မြန်မာနိုင်ငံကနေ အပြီးတိုင် အမြန်ဆုံး ဖယ်ရှားနိုင်ပါစေ လို့လည်း စာရေးသူ ဆန္ဒပြုပါတယ်။
(ဆောင်းပါးရှင် ဆလိုင်းသန့်စင်သည် Ayeyarwaddy Times သတင်းဌာန တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
#ဗိုလ်သန်းရွှေ #နာဂစ်မုန်တိုင်း #မြန်မာပြည်သူ #၁၅နှစ်ပြည့် #ဆောင်းပါး #မိုချာမုန်တိုင်း #Ayeyarwaddy_Times