ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ မေလ ၁၁ ရက်

ပဲခူးတိုင်း၊ ကျောက်ကြီး(လယ်ဒို)မြို့နယ်၌ မေလ ၉ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် စာသင်ကျောင်းများ၊ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနှင့် နေအိမ် အလုံး ၄၀ ကျော်ကို စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပိုးလိုးနိုဖိုးကျေးရွာမှ နေအိမ်နှစ်လုံးနှင့် လယ်ဝိုင်းကြီးကျေးရွာတစ်ရွာလုံးမီးလောင်ကျွမ်းခဲ့ရပြီး စုစုပေါင်း နေအိမ် (၄၂)လုံး၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်း၊ မူကြိုကျောင်းတစ်ကျောင်းနှင့် ဘုံပစ္စည်းထားရာအဆောက်အအုံတစ်လုံးမီး လောင်ကျွမ်းခဲ့ရကြောင်း သိရသည်။

“အဲ့ဒီနေ့က လေယာဉ်နဲ့လဲပစ်တယ်၊ မြေပြင်ကနေပြီးတော့မီးရှို့တယ်လို့လဲကြားရတယ်။ ပိုးလိုးနိုဖိုးရွာ မြန်မာအခေါ်ဆို ကျောင်းကုန်းရွာကို လေယာဉ်နဲ့ပစ်ပြီး လယ်ဝိုင်းကြီးရွာကိုကျ မြေပြင်ကနေမီးဝင်ရှို့တယ်လို့သိရတယ်။ ကျောက်ကြီးနဲ့နတ်သံကွင်းကြား ဟိုတလောက စစ်ကောင်စီ စခန်း လေးခုကို ဝင်တိုက်ထားတဲ့အနီးအနားကရွာပေါ့ “ ဟု အသက် ၃၀ ဝန်းကျင်တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လယ်ဝိုင်းကြီးကျေးရွာနှင့် ပိုးလိုးနိုဖိုးရွာတွင် အိမ်ခြေ (၁၂၁)လုံးရှိပြီး လူဦးရေစုစုပေါင်း ၁၂၀၆ ဦးရှိပြီး လယ်ဝိုင်းကြီးကျေးရွာမှာ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရကာ ဒေသခံများမှာ ယခင်ကတည်းက စစ်ကောင်စီမှ စစ်ကြောင်းထိုးမှုများကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်နေရကြောင်း ‌ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီသည် မေလ ၄ ရက်နေ့ကလည်း အဆိုပါရွာများအနီးရှိ ရန်မျိုးအောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ နေအိမ် ၁၈ လုံးမီးလောင်ကျွမ်းခဲ့သေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး(KNU)။
#ကျောက်ကြီး #မီးရှို့ခံရ #စစ်ကောင်စီ #လယ်ဝိုင်းကြီး #ပိုးလိုနိုဖိုး #Ayeyarwaddy_Times