နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်

အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များအား လက်နက်ဖြင့် ပြန်ဝင်လာလျှင် ဆုငွေသိန်းဆယ်နှင့်ချီ ထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ဖိတ်ခေါ်ခဲ့ပြီး ထိုအရာသည် စစ်ရေးအရ ရှုံး နိမ့်နေသည့်အတွက် ကြံ့မိကြံရာ ကြံခြင်းဖြစ်ကာ လုပ်ကြံဇာတ်လမ်းများလည်း ဖန်တီးထွက်ပေါ် လာနိုင်ချေရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်း လတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဥပဒေအောက်ကို ပြန်ဝင်ပါဆိုသော စစ်ကောင်စီကသာလျှင် ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရ၊ တရားဝင် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီး၍ နိုင်ငံတော်ပုန်ကန်မှုအား ကျူးလွန်ထားသူများဖြစ်ကာ NUG အနေဖြင့်လည်း စစ်ခေါင်းဆောင်အပါအဝင် တချို့သောပုဂ္ဂိုလ်များကို တရားစွဲဆိုထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်နက်/ခဲယမ်း ပါရှိလာသူ များကိုလည်း အမျိုးအစားအလိုက် ဆုကြေးငွေများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက မေလ ၉ ရက်နေ့ထုတ် ၎င်းတို့ဝါဒဖြန့် သတင်းစာများမှတဆင့် ဖိတ်ခေါ်ခဲ့သည်။

“မြန်မာနိုင်ငံ ဥပဒေတွေနဲ့တင်မကဘူး၊ နိုင်ငံတကာ ဥပဒေတွေအနေနဲ့လည်း မင်းအောင်လှိုင်တို့ဟာ ရာဇဝတ်မှုကျူးလွန်သူတွေ ဖြစ်ကြတယ်။ အဲအတွက်ကြောင့်မို့လို့ ဥပဒေကို ချိုးဖောက်တဲ့သူက ဘယ်သူလဲ၊ ဥပဒေရှေ့မှောက်ကို လာပါဆိုတဲ့စကားက စစ်အုပ်စုသုံးရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီဖက်က NUG နဲ့တကွ PDF တွေက ပြန်ပြီးတော့ သူတို့(စကစ)ကို ပြောရမယ့်စကား ဖြစ်ပါ တယ်” ဟု NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

စစ်ကောင်စီက ပြန်လည်ဝင်ရောက်လာသည့် PDF များအနေဖြင့် ရိုင်ဖယ်အုပ်စုဝင် သေနတ်(၁)လက်ပါရှိပါက ကျပ်သိန်း(၅၀)၊ ပစ္စတိုအုပ်စုဝင် သေနတ်(၁)လက်ပါရှိပါက ကျပ်သိန်း(၂၀)၊ ပြောင်းချော သေနတ်(၁)လက်ပါရှိပါက ကျပ်သိန်း(၃၀)နှင့် စိန်ပြောင်းလောင်ချာ၊ အာပီဂျီကဲ့သို့သော လက်နက်များ (၁)လက်ပါရှိပါက ကျပ်(၇၅)သိန်းစီ ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကြေ ညာထားသည်။

“အကြမ်းဖက်စစ်အုပ်စုက သူတို့အသာရနေတယ်ဆိုရင် ဘယ်လိုမှဒီလိုမျိုး သူတို့လုပ်စရာ အကြောင်းမရှိဘူး။ သူတို့ကတော့ ချေမှုန်းဖို့ပဲ ကြိုးစားမှာပေါ့နော်။ အဲဒါလေးတစ်ချက် ပြောချင်တယ်။ စစ်ရေးအရ အကြမ်းဖက်စစ်အုပ်စုက အဖက်ဖက်မှာ၊ စစ်မျက်နှာအစုံမှာ ရှုံးနိမ့်နေတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုးကြံမိကြံရာ ကြံတယ်လို့ပဲ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထို့အပြင် လက်လုပ်ပြောင်းချော သေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် (၁)လက်ပါရှိပါက ကျပ်(၅)သိန်း၊ လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများ ပါရှိပါက ကျပ်(၃)သိန်း၊ လက်နက်/ခဲယမ်းမှ အပ အခြားအသုံးအဆောင်ပစ္စည်းများ (ဥပမာ- စကားပြောစက်) ပါရှိပါက ကျပ်(၂)သိန်းနှင့် ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁)စင်းပါရှိပါက ကျပ်သိန်း(၅၀)စီ ဆုကြေးငွေအဖြစ် ထောက်ပံ့ပေးသွားမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

“တစ်ခုရှိတာကတော့ ဒီလိုထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးရင်တော့ မကြာခင်မှာ လုပ်ဇာတ်တွေ ဖန်တီးပြီးတော့ ဗွီဒီယိုတွေ ရိုက်ပြတာမျိုးပေါ့နော်။ ဟိုနားဒီနားက လူတွေစုပြီးတော့ သူတို့(စကစ) ဖမ်းဆီးသိမ်းမိထားတဲ့ လက်နက်အချို့ကို ပြန်သုံးပြီးတော့ PDF တွေ အလင်းဝင်လာသယောင် ဝါဒဖြန့်ချီတာမျိုးတွေလည်း ဖြစ်လာချေရှိပါတယ်” ဟု ဦးနေဘုန်းလတ်က ထပ်မံပြောဆိုသည်။

စစ်ကောင်စီသည် ပြည်သူ့တော်လှန်ရေး (၂)နှစ်ကျော်ကာလအတွင်း PDF အင်အားကြီးထွားလာခြင်းနှင့် ၎င်းတို့၏ လက်ကိုင်တုတ် စစ်တပ် တဖြည်းဖြည်း ကျရှုံးလာခြင်းအပေါ်တွင် အလွန်အမင်းထိတ်လန့် နေသောကြောင့် PDF အင်အားစုများကို ဖြိုခွဲ‌ချေမှုန်းရန် နည်းမျိုးစုံ သုံးနေခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဒေါက်တာ ရဲ (ခ) ရဲဘော် Omoda က ဧရာဝတီတိုင်းမ် ကို ပြောသည်။

“အကြမ်းဖက်စကစဟာ ဒီလို PDF တွေကို ဖြိုခွဲချေမှုန်းတဲ့ နည်းလမ်းတွေထဲမှာ မြေပြင်စစ်ကြောင်းထိုးတဲ့ နည်းလမ်း ၊ ဝေဟင်ကနေ ဂျက်ဖိုက်တာ, Mi35 စတာတွေနဲ့ လျှက်တပြတ် ထိုးစစ်ဆင်တဲ့ နည်း လမ်းတွေအပြင်ကို soft power ဖြစ်တဲ့ စိတ်ဓာတ်ရေးရာ ၊ ဝါဒရေးရာ ထိုးစစ်ဆင်တဲ့ လုပ်ငန်းတွေပါ တပြိုင်နက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား သပ်သျှိုသွေးခွဲတဲ့ လုပ်ငန်းစဉ်က အစ၊ PDF တွေ လက်နက်နဲ့ အလင်းဝင်လာရင် သိန်းဘယ်လောက်ပေးမယ်ဆိုတာက အဆုံး စိတ်ဓာတ်ရေးရာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပို့၍ ဝင်ရောက်နိုင်ကြောင်း စစ်ကောင်စီက ဖိတ်ခေါ်ထားပြီး ပြစ် မှုကျူးလွန်ထားပါက လိုအပ်သည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးသွားမည်ဟု ထုတ်ပြန်ဖော်ပြထားသည်။

“ဒီလို PDF တွေ အလင်းဝင်ရင် ဘယ်လောက်ပေးမယ်ဆိုတဲ့ ကြေညာချက်တွေ ကြည့်ခြင်းအားဖြင့် တစ်ဖက်က မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ တဖြည်းဖြည်း အရှုံးဆီကို ဦးတည်နေပြီ။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို အကြမ်းနည်းနဲ့ ချေမှုန်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အချက်ကို သွားတွေ့ပါတယ်။ မင်းအောင်လှိုင်ဟာ သူတို့ မချေမှုန်းနိုင်‌တော့တဲ့ PDF အင်အားစုတွေကို ကြောက်ရွံ့နေပြီ” ဟု ဒေါက်တာ ရဲ (ခ) ရဲဘော် Omoda က သုံးသပ်သည်။

မပြည့်စုံမှုအမျိုးမျိုးကြားကနေ နှစ်နှစ်ကျော်ကာလအထိ တောင့်ခံကြိုးစားခဲ့ကြသော PDF တပ်ဖွဲ့ဝင်များသည် စိတ်ဓာတ်ရေးရာအရ အလွန်ခိုင်ကျည်သည့် သူရဲကောင်းများဖြစ်ပြီး ဆုငွေကြောင့် ယိမ်းယိုင် သွားမည့်သူများ မဟုတ်ကြသလို ယခုလို ဆုငွေပေးမည်ဆိုသော စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူလူထု၏ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ် အပေါ်တွင်လည်း မည်သည့်သက်ရောက်မှုမှ ရှိလာမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ အဆိုပါဖိတ်ခေါ်ချက်သည် တော်လှန်ရေးဘက်ကို တန်ပြန်ဝါဒဖြန့်ခြင်း ဖြစ်ကာ CDM ဝင်ရောက်လာသည့် စစ်သားနှင့် ရဲများထဲတွင် ၎င်းတို့နှင့်အတူ လက်နက်ယူဆောင် လာသူများ ရှိနေခဲ့ပြီး စစ်ကောင်စီထံသို့ ပြန်လည်ဝင်ရောက်သူများတွင် ထိုသို့မရှိသဖြင့် ဆုကြေးငွေထုတ်ခြင်းဖြစ်ကြောင်း စစ်နည်းဗျူဟာ ကျွမ်းကျင်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အဆုံးထိသွားမယ့်သူတွေကို သူ(စကစ)က အနှောင့်အယှက်ပေးလိုက်တာ။ သူတို့ရဲ့ မီဒီယာတွေမှာတော့ မကြာခင်မှာ PDF တွေ လက်နက်နဲ့ပြန်ပြီး အလင်းဝင်တယ်ဆိုတဲ့ဟာ၊ CDM တွေ ပြန်ပြီး တော့ အလင်းဝင်တယ်ဆိုတာမျိုး ဆိုက်ဝါးထည့်ဖို့ပါ” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီပြုလုပ်သည့် PDF ကြိုဆိုပွဲ
# စစ်ကောင်စီဖိတ်ခေါ်# NUG တုန့်ပြန် # ဆုချ # တန်ပြန်ဝါဒဖြန့်# ကြံမိကြံရာကြံ #
# Ayeyarwaddy_Times