ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်

ရန်ကုန်တွင် စစ်တပ်မှ အရာရှိကြီးများ၊ အငြိမ်းစားဗိုလ်မှူးကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယ ညွှန်ချုပ်တို့ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်တပ်မှ အရာရှိများ၊ ရွေးကော်အဖွဲ့၀င်များ မိသားစု လိုက် နေပြည်တော်သို့ ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ကြ ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ထိုသို့အရာရှိအကြီးပိုင်းများ သေဆုံးမှုများကို စစ်ကောင်စီတပ်မှ သတင်းထိန်ချန်မှုများ၊ ဖုံးကွယ်မှု များပြုလုပ်ခဲ့သော်လည်း စစ်တပ်မှအငြိမ်းစားယူထားသူများနှင့် လက်ရှိ တာ၀န် ထမ်းဆောင်လျက်ရှိသည့် ရာထူးအကြီးပိုင်းမှမိသားစု၀င်များ မလုံခြုံတော့သဖြင့် နေပြည်တော်သို့ တိတ်တဆိတ်ပြောင်းရွှေ့နေကြသူများရှိသလို လုံခြုံရေးချပေးရန် တောင်းဆိုမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

“ရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င်တွေရော၊
ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲတဲ့အမှုမှာ ပါဝင်ခဲ့သူတွေရော ကြောက်ပြီး နေပြည်တော်ကိုပြောင်းကြ၊ အငြိမ်းစားဆိုပေမယ့် လက်ရှိ တပ်မတော်အတွက် လုပ်ပေးနေတဲ့ မိသားစုတွေရော လုံခြုံရေးတွေတောင်း၊ နေရာစီစဉ်ပေးဖို့တွေနဲ့ အတော်ဂယက်ရိုက်သွားတယ်”ဟု နေ ပြည်တော်စစ်ရုံးချုပ်မှ သတင်းရင်းမြစ်တစ်ဦးမှ ‌ဧရာ၀တီတိုင်းမ်ကို ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရသည့် အမှုတွင် စစ်ကောင်းစီခန့် ဦးစိုင်းကျော်သူအပါအ၀င် ရွေးကောက်ပွဲကော်မရှင်မှ ၁၉ ဦး သက် သေထွက်ဆိုခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ဒုညွှန်ချုပ်ဖြစ်သူ ဦးစိုင်းကျော်သူအသတ်ခံရပြီးနောက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကော်မရှင်အဖွဲ့၀င်များနှင့် ဌာနဆိုင်ရာအကြီးအကဲများကို နေ့စဉ်ဆိုသလို အစည်းအဝေးများခေါ်ဆိုခြင်း များ၊ ခရီးသွားလာလျှင် ဌာနသို့အသိပေးကြရန်နှင့် ပြည်ထဲရေး ၀န်ကြီးဌာနထံမှ လုံခြုံရေးများတောင်းခံ ကြရန် အထက်မှအမိန့်ပေးပြောကြားမှုများရှိကြောင်း သိရသည်။

“အပြင်သွားတာမျိုးဆိုရင်လည်း ဌာနကိုအသိပေးပြီးမှ သွားကြဖို့နဲ့ မိသားစုတွေကို နေပြည်တော်ကိုခေါ်ထားဖို့ ညွှန်ကြားထားတာရှိတယ်။ နေပြည်တော်ထဲက လူကြီးတွေအပြင်ထွက်ရင်ဖြစ်ဖြစ်၊ ရန်ကုန်ကတပ်အရာရှိတွေဖြစ်ဖြစ်ပေါ့ သွားလာရင်သတိထားကြဖို့နဲ့ လုံခြုံရေးကို ဘယ်လိုစီမံကြမယ်ဆိုတာ နေ့တိုင်းစည်း ဝေးခေါ်တယ်”ဟု ၎င်းမှဆက်လက်ပြောသည်။

ဧပြီလ ၁၃ ရက် တပ်ရင်းမှူး အဆင့်ရှိသူ အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဖြစ်သူ ဇင်မောင်လွင်၊ ဧပြီ ၁၈ ရက် နံနက်ပိုင်းက သန်လျင်မြို့၊ ထန်းပင်ကုန်းရပ်ကွက် တွင်နေထိုင်သည့် ခမရ-၄၅၆ ကွတ်ခိုင်တပ် ရင်းမှူးတာ၀န်ထမ်းဆောင်ခဲ့သည့် ဒုဗိုလ်မှူးကြီး (ငြိမ်း) အောင်ညီထွန်း၊ ဧပြီ ၂၂ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီခန့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူ၊ ဧပြီလ ၂၉ ရက် နံနက် ၁၀ နာရီခန့်က ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် ဗိုလ်မှူး(ငြိမ်း) ရဲမင်းသန်းတို့သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဓာတ်ပုံ – Al Jazeera
#စစ်ကောင်စီ #ဗိုလ်မှူးကြီး #နေပြည်တော် #ပြောင်းရွှေ့မှုများ
#Ayeyarwaddy_Times