ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်
ဘင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မိုချာမုန်တိုင်းဟာ မေလ ၁၃ ရက်နေ့ မနက်ပိုင်းကစတင်ကာ ရခိုင် ပြည်နယ်ကို ဝင်ရောက်ဖြတ်ကျော်နိုင်ပြီး ရခိုင်ပြည်နယ်အတွင်းက လူဦးရေ ၉ သိန်း ၃ သောင်းဟာ မုန်တိုင်းဒဏ်ခံရနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
လက်ရှိအချိန်ထိ မုန်တိုင်းလမ်းကြောင်းဟာ စစ်တွေမြို့ကို ဦးတည်ရွေ့လျားနေပြီး စစ်တွေမြို့နားကပဲ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က သတိပေး ပြောဆိုထားပါတယ်။
“ အထူးသတိထားရမယ့်အချက်က မုန်တိုင်းကုန်းတွင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ စစ်တွေမြို့ တောင်ဘက် သံတွဲမြို့အထိနဲ့ စစ်တွေမြို့မြောက်ဘက် ဂွဆုံ၊ သပြေတော၊ ဘူးသီးတောင်၊ မောင်တော ဒေသက ပြည်သူတွေ ဘေးလွတ်ရာ ကုန်းမြင့်ဒေသကို ရွှေ့ပြောင်းထားသင့်တယ်”လို့ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒါပြင့် မုန်တိုင်းလမ်းကြောင်းဖြတ်ကျော်မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက လူဦးရေ ၉ သိန်းကျော်အပြင် စစ်ကိုင်းတိုင်းက လူဦးရေ ၄ သိန်း ၄ သောင်းနဲ့ မကွေးတိုင်းက လူဦးရေ ၁ သိန်း ၇ သောင်းကျော်လည်း မုန်တိုင်းဒဏ်ကို ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်” (Global Disaster Alert and Coordination SYSTEM) ကလဲ မြန်မာနိုင်ငံကို အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်)ရှိ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်မဲ့အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် “RED ALERT” ထုတ်ပြန်လိုက်ပါတယ်။
#မိုချာမုန်တိုင်း #ရခိုင် #လူဦးရေ #မုန်တိုင်းဒဏ် #ပညာရှင်
#Ayeyarwaddy_Times