ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်
ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ရှိ ကျေးရွာ သုံးရွာမှ ဒေသခံ ၅၀၀ ကျော်မှာ မိမိတို့ကျေးရွာများအား စွန့်ခွာကာ မိုချာမုန်တိုင်းကို ရှောင်ရန်ထွက်ပြေးလာကြကြောင်း သိရသည်။
မုန်တိုင်းရှောင်လာသည့် ကျေးရွာ ၃ ရွာမှာ ငပြီကျွန်းပေါ်ရှိ သရက်တောကျေးရွာ၊ အလယ်ရွာကျေးရွာနှင့် ရွာမကျေးရွာ (ကျွန်းဦး) တို့ဖြစ်ပြီး မေလ ၈ ရက်နေ့မှစ၍ ငပြီကျွန်း၏ မြစ်တစ်ဖက်ကမ်းရှိ ကြိမ်ခွေမော်ကျေးရွာသို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်းကြိမ်ခွေမော်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
“အကုန်လုံးတစ်ရက်တည်းနဲ့ပြေးလာကြတာတော့မဟုတ်ဘူး။ နည်းနည်းဆီရောက်လာကြတာ။ အခုပြေးလာတဲ့ရွာတွေက အရင်လည်း မုန်တိုင်းဒဏ်တွေမကြာမကြာခံရဖူးတော့ ကြောက်လို့ပြေးလာကြတာ။လက်ရှိတော့ ဘုန်းကြီးကျောင်းထဲက ဓမ္မာရုံမာ နေကြတယ်” ဟု ၄င်းကပြောသည်။
ငပြီကျွန်းဒေသသည် စစ်တွေမြို့နှင့် ပေါက်တောမြို့နယ်အကြား ကုလားတန်မြစ်ဝတွင် တည်ရှိသော ကျွန်းဖြစ်ပြီး မိုချာမုန်တိုင်းမှာလည်း စစ်တွေမြို့သို့ဝင်ရောက်တိုက်ခတ်နိုင်သောကြောင့် မုန်တိုင်းရိုက်ခတ်သည့်ဒဏ်ကိုခံရနိုင်၍ ရှောင်ပြေးလာကြခြင်းဖြစ်သည်ဟု ငပြီကျွန်းဒေသခံများက ဆိုသည်။
” စစ်တွေကိုဝင်တိုက်တာနဲ့ ကျွန်တော်တို့ငပြီကျွန်းကပါသွားနိုင်တယ်။ မဖြစ်ခဲ့ရင်တော့ ကောင်းတယ်။ဖြစ်ခဲ့ရင် ဘာမှမတတ်နိုင်ဘူးလေ။ ဒါကြောင့် ကြိုတင်ကာကွယ်တာအကောင်းဆုံးပဲဆိုပြီးရောက်လာကြတာပါ။ ရိက္ခာကလည်း တစ်ပတ်စာပဲပါလာတော့ လောလောဆယ် ရှိတာတွေကို ချက်ပြုတ်စားသောက်နေတယ်။မုန်တိုင်းပြီးပြီးချင်းလည်း ရွာကိုချက်ချင်းပြန်နိုင်မှာမဟုတ်တော့ စားနပ်ရိက္ခာတွေ အခက်အခဲဖြစ်လာနိုင်ပါတယ်” ဟု မုန်တိုင်းရှောင်လာသည့် သရက်တောရွာသားတစ်ဦးက ပြောသည်။
မိုချာမုန်တိုင်းသည် မေလ ၁၃ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့သို့ ဝင်ရောက်တိုက်ခတ်မည်ဖြစ်ပြီး မေလ ၁၄ ရက်နေ့တွင် စစ်တွေခရိုင်အတွင်းရှိ ဒေသများသို့ ကုန်းတွင်းဝင်ရောက်တိုက်ခတ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။
ရက္ခိုင့်တပ်တော် ULA ကလည်း ပြည်သူများအနေဖြင့် သတိမပေါ့ဆကြရန်နှင့် မုန်တိုင်းဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ကာကွယ်မှုများလုပ်ဆောင်ထားကြရန် သတိပေးတိုက်တွန်းထားပြီး ကျေးရွာအချို့တွင်လည်း မုန်တိုင်းအန္တရာယ်ကြိုတင်အသိပေးချက်ဆိုင်းဘုတ်များ ကပ်ထားကြောင်းသိရသည်။
အလားတူ စစ်ကောင်စီကလည်း ရသေ့တောင်၊မောင်တော၊ဘူးသီးတောင်၊အမ်း၊ကျောက်ဖြူ၊သံတွဲ ၊မာန်အောင်၊ဂွ စသည့်မြို့နယ်များတွင် မုန်တိုင်းအန္တရာယ်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ဟောပြော ဆွေးနွေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
#ပေါက်တော #မုန်တိုင်းရှောင် #မိုချာမုန်တိုင်း
#Ayeyarwaddy_Times