နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/ မေလ ၈ရက်

စစ်ကိုင်းတိုင်း မုံရွာမြို့အနောက်ဘက်ကမ်းရှိ ညောင်ပင်ကြီးကျေးရွာတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်သည် ယနေ့ မေလ ၈ ရက်နေ့နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ဒေသခံပြည်သူ ၅,၀၀၀ ကျော်မှာ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် ထန်းတောကြီးကျေးရွာကို သွားရောက်၍ မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။

“ညောင်ပင်ကြီးရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ရမ်းသန်း ပစ်နေလို့ နေပူကြီးထဲမှာ ထွက်ပြေးကြရပြန်ပြီ။ စစ်ကြောင်း ထိုးနေတာကတော့ ရိုးနေပါပြီ။ ခုကလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ခုလည်း ထန်းတောကြီးရွာကို မီးရှို့နေတာ ခုထိ အဲ့ဒီရွာမှာ ရှိသေးတယ်” ဟု စစ်ဘေးရှောင်နေရသူ အသက် ၄၀ အရွယ် စစ်ရှောင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် မုံရွာမြစ်အနောက်ဘက်ရှိ ညောင်ပင်ကြီးရွာ ၊ ထန်းတောကြီးရွာ ၊ ဝက်မှေးရွာ ၊ တုံရွာ၊ အလယ်ရွာ ၊ တောကျောင်းရွာ ၊ မိုးကြိုးပြင်ရွာ၊ ဇီးတေားရွာ ၊ ဖောင်းကတာရွာ နှင့် ဆည်တည်းရွာတို့တွင် အကြိမ်ကြိမ် စစ်ကြောင်းထိုးဝင်ရောက်နေ၍ အဆိုပါ ကျေးရွာများမှ ဒေသခံများသည် ၁၀ ကြိမ်ထက်မနည်း စစ်ဘေးရှောင် ထွက်ပြေးနေ ရကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ညောင်ပင်ကြီးကျေးရွာ #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #ဒေသခံပြည်သူများ #ထွက်ပြေးနေရ #Ayeyarwaddy_Times