ဧရာဝတီတိုင်းမ်
မေလ ၈ ရက်
မြန်မာနှင့်အိန္ဒိယ နှစ် နိုင်ငံပူးပေါင်းလုပ်ဆောင်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်းကို မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ရခိုင်နှင့် ပလက်ဝဒေသခံပြည်သူများအတွက် အမှန် တကယ် အကျိုးပြုရန်လိုအပ်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ် များကဆိုသည်။
အဆိုပါစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် မြန်မာနှင့် အိန္ဒိယ အစိုးရတို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှစ၍ စတင်အကောင် အထည်ဖော် တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံအတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကုန်းတွင်းပိုင်း ဒေသများ အတွက် လိုအပ်သည့်ပစ္စည်းများကို ဘင်္ဂလားပင်လယ်အော် မှတဆင့် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းနှင့် ချင်းပြည်နယ် ပလက်ဝတို့ကိုဖြတ်ကာ ကုန်းလမ်း၊ ရေလမ်းမှ တဆင့်ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ အဆိုပါစီမံကိန်းကိုလုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းအောင်မြင်ပါက အိန္ဒိယနှင့်ရခိုင်ပြည်နယ်ကြား တိုက်ရိုက်ကုန်သွယ် မှုများ ပြုလုပ်လာနိုင်သလို အိန္ဒိယမှထွက်ရှိသည့် ဘိလပ်မြေ၊သံ စသည့် ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာသုံးစွဲလာမည်ဟု ဒေသခံများက မျှော်လင့် လျှက်ရှိသည်။
” တကယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားသလိုဖြစ်လာရင်တော့ ဝမ်းသာစရာပေါ့။ ရခိုင်ကထွက်ကုန်တွေကိုလည်း အိန္ဒိယကိုတိုက်ရိုက်တင်ပို့နိုင်လာမယ်။ အိန္ဒိယ ကထွက်တဲ့ ပစ္စည်းကိုလည်း ကျွန်တော်တို့ စျေးချိုချိုနဲ့သုံးစွဲလာနိုင်မယ်။ အခုဆိုရင် အခြားနိုင်ငံ တွေကလာတဲ့ပစ္စည်းတွေက ရန်ကုန်ကနေပြီးမှတဆင့် ရခိုင်ကို ရောက်တာဆိုတော့ ပစ္စည်းတွေက ဈေးအရမ်းတက်သွားပြီ။ တစ်ခုစိုးရိမ်တာက အိန္ဒိယကလာတဲ့ပစ္စည်းတွေကို ရခိုင်မှာမဖြန့်ဘဲ ရခိုင်ကိုအသုံးချပြီး ပြည်မဖက်ကို ပို့မှာကိုပဲ စိတ်ပူရတာ ” ဟု ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကုလားတန်ဘက်စုံ စီမံကိန်းမှာ ဒေသဖွံ့ဖြိုးရေးအတွက်မဟုတ်ဘဲ စစ်ကောင်စီ၏ ကိုယ်ကျိုးအတွက် ဖြစ်သွားမည်ကိုတော့ မလိုလားကြောင်း ချင်းပြည်နယ် ပလက်ဝမြို့မှ ဒေသခံများက ဆိုသည်။
“ဒီစီမံကိန်းက ကျွန်တော်တို့ပလက်ဝဒေသခံတွေအတွက် ဘာမှထူးခြားမှုရှိမှာ မဟုတ် ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပလက်ဝက လက်ရှိအချိန်ထိ ကျောက်တော်နဲ့ အဓိက ကုန်သွယ်သွားလာနေတဲ့ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ပင်ခံထားရ ဆဲဖြစ်တယ်။ အင်တာနက်တွေလည်း ဖြတ်တောက်ခံ ထားရတယ်။ ဒီအခြေအနေမျိုးမှာ ဒေသခံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ အချိန် အတိုင်း အတာတစ်ခုထိ စောင့်ကြည့်ရင်တော့အဖြေသိရမှာပါ” ဟု ပလက်၀ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိ ဖွင့်လှစ်မည့် စစ်တွေဆိပ်ကမ်းအပြင် ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (ULA/ AA) မှတစုံတစ်ရာထုတ် ဖော်ပြော ဆိုထားခြင်းမရှိသလို ဧရာဝတီတိုင်းမ်အနေဖြင့် AA၏ ပြောဆိုရေးခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ရခိုင် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက ULA/ AA အနေဖြင့် ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်ရေးအတွက်ဆိုလျှင် တစ်စုံတရာပိတ်ပင်မည် မဟုတ်သော်လည်း စစ်ရေးအရ ကုလားတန်မြစ်ကြောင်းကို ပိတ်ဆို့မှုများလုပ်လာပါက ပြောဆိုစရာများဖြစ်လာလိမ့်မည်ဟု ဆိုသည်။
” အဓိကတော့ သူများနိုင်ငံက တင်သွင်းကုန်တွေထက် ကိုယ့်နိုင်ငံကပို့ကုန်တွေ များများ ပို့နိုင်ရင်တော့ ရခိုင်ရဲ့စီးပွားရေးအခြေနေကတော်တော်လေး ပြောင်းလဲသွားနိုင်တယ်။ ဒီလိုဖြစ်လာဖို့အတွက်လည်း စစ်အစိုးရက နိုင်ငံရေးပယောဂ ကင်းကင်းနဲ့ ရခိုင်ပြည်သူတွေအပေါ်မှာစိတ်ရင်းစေတနာကောင်းရှိဖို့လိုအပ်တယ်။ ULA/ AA ကလည်း ပြည်သူတွေ ကောင်းဖို့အတွက်ဆိုရင် ဘယ်အရာကိုမှ ပိတ်ပင်မှာမဟုတ်ဘူး။ ဒါပေမယ့် တစ်ခုရှိတာက ကုလားတန်မြစ်ကြောင်းဆိုတာက AAနဲ့စစ်တပ်တို့အဓိက စစ်ရေး လှုပ်ရှားတဲ့ နယ်မြေတခုဖြစ်တဲ့အတွက် စစ်ကောင်စီဖက်က စီမံကိန်းကိုအကြောင်းပြပြီး လမ်းကြောင်းပိတ်ဆို့တာတို့ ရိက္ခာတင်ပို့မှု ဖြတ်တောက်တာတို့လုပ်လာရင်တော့ အခြေနေတွေက ပြောစရာတွေဖြစ်လာနိုင်တာပေါ့” ဟု ဦးဖေသန်းက သုံးသပ်ပြောကြားသည်။
ကုလားတန်မြစ် ဘက်စုံစီမံကိန်းကို အိန္ဒိယအစိုးရက ဒေါ်လာ သန်း၅၀၀ အထိ အကုန်ကျခံကာတည်ဆောက်ထားခြင်းဖြစ်ပြီး ထိုစီမံကိန်း၏တစ်စိတ်တပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းကို ဒေါ်လာ သန်း ၁၂၀ ထိကုန်ကျခံကာ တည်ဆောက် ထားခြင်းဖြစ်ကြောင်း သိရသည်။
စစ်တွေဆိပ်ကမ်းကို ဖွင့်လှစ်ရာတွင် ဆိပ်ကမ်းဖွင့်ပွဲအနေဖြင့် အိန္ဒိယနိုင်ငံရှိ ကုန်တင်သင်္ဘော တစ်စီးသည် ကာလကတ္တား မြို့ဆိပ်ကမ်းကနေ၍ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းသို့ မေလ ၄ ရက်နေ့မှ စတင်ကာ ထွက်ခွာလာနေကြောင်း အိန္ဒိယသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
#ကုလားတန်မြစ်ဘက်စုံစီမံကိန်း #စစ်တွေဆိပ်ကမ်း #ဖွင့်လှစ် #ရခိုင် #ပလက်၀ #ဒေသခံပြည်သူ #အကျိုးပြု #Ayeyarwaddy_Times