ဧရာဝတီတိုင်းမ်
မေလ ၉ ရက်
မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့ မိုချာ (Mocha )ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်သောကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ ခရီးသည်တင်ရေယာဉ်များနှင့် ပင်လယ်၊ ချောင်းမြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသူများအနေဖြင့် လုပ်ငန်းများအားယာယီ ရပ်နားထားကြရန် ရခိုင့်တပ်တော် ULA က မေလ ၇ ရက်နေ့ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ပြီး ယင်းလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မေလ ၉ ရက်နေ့မှစ၍ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းနှင့် ၁၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မိုချာဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်းမိုးလေဝသ ပညာရှင်များကခန့်မှန်းထားကြသည်။
အဆိုပါမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်း၊ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများအထိဖြစ်နိုင်သောကြောင့် မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ သတိထားကြရန်၊ မုန်တိုင်းသတင်းထုတ်ပြန်ချက်များကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုများကိုလည်း အတတ်နိုင်ဆုံး လုပ်ဆောင်ထားကြရန်ULA ကပြောဆိုထားသည်။
သံတွဲမြို့နယ်မှ အမျိုးသမီးတစ်ဦးက” ကျမတို့က ပင်လယ်နဲ့နီးတဲ့ဒေသတွေဆိုတော့ ပိုပြီးအန္တရာယ်များပါတယ်။ဒါကြောင့် မုန်တိုင်းရှိတယ်ဆိုကတည်းက လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ၊ခေါက်ဆွဲထုတ်တွေ တာရှည်ခံတဲ့အစားအသောက်တွေကို စုဆောင်းထားရတယ်။အမျိုးသားကလည်း ငါးဖမ်းတဲ့အလုပ်လုပ်နေတာဆိုတော့ သူ့ကိုလည်း ဒီနေ့ကစပြီး အလုပ်နားခိုင်းထားရတယ်” ဟု ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာလည်း စခန်းအတွင်း၌ နေထိုင်ရန်မလုံခြုံသည့်အတွက် ဘေးကင်းမည့်နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
“အဆောင်တွေက လေနည်းနည်းတိုက်ရင်တောင် ယိုင်နေတဲ့အနေအထားဆိုတော့ ဒီစခန်းတွင်းမှာနေပြီး မုန်တိုင်းဒဏ်ကိုခံနိုင်မှာမဟုတ်ဘူး။ဒါကြောင့် အခြေနေမကောင်းရင် ဘေးကင်းမဲ့နေရာတွေဆီယာယီပြောင်းနေကြမယ်လို့တော့ တိုင်ပင်ထားတယ်။ဒါပေမဲ့ ဘယ်နေရာကိုပြောင်းရမှန်းလည်း မသိသေးပါဘူး” ဟု ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးကပြောသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများအနေဖြင့်
မုန်တိုင်းပြင်းအားနောက်ဆက်တွဲအခြေနေအပေါ်မူတည်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများနှင့်အရေးပေါ်လိုအပ်ချက်များရှိလာပါက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO နှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ULA က တိုက်တွန်းထားသည်။
အလားတူ စစ်ကောင်စီဖက်မှလည်း လက်ရှိတွင် မုန်တိုင်းနှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ဆွေးနွေးပွဲများပြုလုပ်နေပြီး ရသေ့တောင် ၊မောင်တော၊ကျောက်ဖြူ၊ သံတွဲစသည့်မြို့နယ်များတွင်လည်း အန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်မှုများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးနေကြောင်း ပြည်နယ်စစ်ကောင်စီပိုင် ရခိုင်နေ့စဉ် မီဒီယာ၌ ဖော်ပြထားသည်။