ဧရာဝတီတိုင်းမ်
မေလ ၈ ရက်

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် ကြိမ်နီပြင်မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ယမန်နေ့ည ၅ နာရီခွဲအချိန့်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့်လူနေအိမ် ၁၈၀ ကျော်မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းရှိ ဦးအီလီယာ၏နေအိမ်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည၉ နာရီကျော်အထိလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

” အီလီယာရဲ့ဇနီးထမင်းချက်နေတာက စလောင်တာပါ။ထမင်းချက်နေပြီး အနားမှာလူမနေဘဲလျှောက်သွားနေတယ်ထင်တယ်။မီးက လုံးဝမငြိမ်းဘဲ တအိမ်ပြီးတအိမ်ကူးသွားတာ။ ၉ နာရီလောက်ရောက်မှပဲ အနီးအနားမှာ တစ်ခြားမီးကူးမဲ့အိမ်တွေမရှိတော့လို့ မီးငြိမ်းသွားတာ” ဟု ကြိမ်နီပြင်စစ်ဘေးရှောင်စခန်းမှ မွတ်ဆလင်တစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ကြိမ်နီပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ၃၇၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်သွားရုံသာမက စုဆောင်းထားသည့် ရွှေ၊ငွေ၊စပါးများမှာလည်း အကုန်မီးထဲပါသွားကြောင်း နေအိမ်မီးလောင်သွားသူများ၏ ပြောဆိုချက်အရသိရသည်။

” အခုနေမဲ့နေရာမရှိတော့လို့ စာသင်ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေမှာ ရောက်နေပါတယ်။WFPကပေးတဲ့ငွေနဲ့စားသောက်ပြီးတော့ ကိုယ့်လုပ်အားခလေးတွေစုပြီး ဝယ်ထားတဲ့စပါးတွေလည်း အကုန်ပါသွားပြီ။တခြားသူတွေမှာလည်း ရွှေတွေ၊ငွေတွေပါသွားကြတယ်။အခုဘာမှမကျန်တော့ဘူး။မီးစလောင်တဲ့အိမ်က လင်မယားကလည်း ဘယ်နားထွက်ပြေးသွားပြီလဲမသိဘူး” ဟု နေအိမ်မီးထဲပါသွားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာသို့ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ကပင် လာရောက်ကြည့်ရှုခဲ့ကြောင်းနှင့် လိုအပ်သည်များကိုဆောင်ရွက်ရန် ယနေ့ ထပ်မံလာရောက်ကြမည်ဟုလည်း သိရှိရသည်။

ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည်စခန်းသည် ရခိုင်နှင့်မွတ်ဆလင်ကြား လူမျိုးရေး ပဋိပက္ခများဖြစ်ပွားခဲ့ကြသည့် ၂၀၁၂ ခုနှစ်မှစ၍ စတင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။