နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၈ ရက်
တိုင်းပြည်သည် နယ်စပ်ဒေသအပါအဝင် ပြည်နယ်နှင့်တိုင်း အစွန်အဖျားများ၌ အကြောင်း အမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသည်ကို စိတ်မကောင်း ဖွယ်တွေ့မြင်ရကြောင်းနှင့် အာဆီယံတွင်လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံ လေး နိုင်ငံတွင် ပါဝင်နေကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ မြင့်မားနေသည်ကို ဆန်းစစ်ချက်များအရ တွေ့ရသည်ဟုလည်း မေလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)တွင် စစ်ခေါင်းဆောင်က ပြောသည်။
အဓိကအားဖြင့် တည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နည်းပါး သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအချက်များကြောင့် နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာဆောင်ရွက်ရန် လိုနေသေးကြောင်း ၎င်းက ဆိုသည်။
“၁၉၉၂ ခုနှစ် နတလ စဖွဲ့ကတည်းက ရည်ရွယ်ချက်တွေနဲ့ပဲ ဆက်လုပ်နေကြတယ်လို့ မြင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ သူတို့ရဲ့ အုပ်ချုပ်မှု အာဏာယန္တရားကို ပြန်တည်ဆောက်ဖို့ ကြိုးစားတယ်လို့ မြင်ပါတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၈၉ ခုနှစ်၊ မေ ၂၅ ရက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ငါး ဦးဖြင့် စတင်ဖွဲ့ စည်းခဲ့ကြောင်း သိရသည်။
ထို့နောက် ၁၉၉၂ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းကာ နယ်စပ်ဒေသနှင့် တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
“၁၉၉၂ ခုနှစ်က စဖွဲ့ပြီး အကောင်အထည်ဖော်လိုက်တာ ရိုဟင်ဂျာပါ မျိုးတုန်းလု နီးပါးဖြစ်ပြီး ရခိုင်ဒေသ ပြောင်သလင်းခါ လုလုဖြစ်သွားတာက သာဓကပဲလေ။ ၁၉၉၄ မှာ ကချင်လည်း လက်နက်နဲ့ ငြိမ်းချမ်းရေးလဲမယ် ဖြစ်သွားဖူးသလို ၁၉၉၅ မှာ မာနယ်ပလောလည်း ကျသွားတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောသည်။
လက်ရှိအာဏာသိမ်း စစ်ကောင်စီက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ၂၂ ဦး၊ လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နောက် ယခုအစည်းအဝေးသည် ၎င်းတို့အနေဖြင့် ပထမအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“တော်လှန်ရေးအင်အားစုတွေ အချင်းချင်း နားလည်မှု စုစည်းနိုင်မှု အလျင်အမြန် မတည်ဆောက်နိုင်ဘူး။ ဘုံတူညီတဲ့ နိုင်ငံရေးဦးတည်ချက်နဲ့ မဟာဗျူဟာ မဖော်ဆောင် နိုင်ဘူးဆိုရင် သူတို့(စကစ) ရည်ရွယ်ချက်က အနည်း နဲ့ အများ ခရီးရောက်သွားမှာပါ” ၎င်းက ဆိုသည်။
ဒို့တာဝန် အရေးသုံးပါးကို ခိုင်မာစွာထိန်းသိမ်းနိုင်သည့် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိသည့် တိုင်းရင်းသား လူငယ်လူရွယ်များ ပေါ်ထွက်လာအောင် ဆောင်ရွက်ရန်လိုပြီး နိုင်ငံအနာဂါတ် ကောင်းမွန်ရေးကို ကြိုးပမ်းဆောင်ရွက်သွား ရမည်ဟု အဆိုပါအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
#နယ်စပ်ဒေသအစွန်းအဖျား #ဖွံ့ဖြိုးမှုနောက်ကျ #စိတ်မကောင်းဖွယ် #စစ်ခေါင်းဆောင် #Ayeyarwaddy_Times