“ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးကဏ္ဍ)
မြွေကိုက်ခံရခြင်းအန္တရာယ် နှင့် မရှိမဖြစ်မြွေဆိပ်ဖြေဆေး
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေလ ၇ ရက်)
မြန်မာနိုင်ငံဟာ ဇီဝမျိုးကွဲပေါင်းစုံ ကြွယ်ဝသော နိုင်ငံဖြစ်တဲ့အတွက် ပထဝီနေရာဒေသ ပေါ်မူတည်ပြီးတော့ မြွေအမျိုးအစား စုံလင်များပြားစွာ တွေ့နိုင်ပါတယ်။ မြွေအမျိုး အစားများစွာထဲက အဆိပ်ရှိတဲ့ မြွေတွေကိုလည်း တွေ့ရတာကြောင့် မြွေကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်များကို နားလည်ထားဖို့ လိုအပ်ပါတယ်။
မြွေကြောင့်သေဆုံးမှု
အဆိပ်ရှိတဲ့ မြွေအကိုက်ခံရပြီဆိုရင် ကုသမှုကို သေချာခံယူရပါမယ်။ ကမ္ဘာအနှံ့မှာ မြွေအဆိပ်ကြောင့် လူပေါင်းများစွာ သေဆုံးနေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ကမ္ဘာ့ကိန်းဂဏန်း များနှင့် ယှဉ်ကြည့်ရင် မြွေကြောင့် သေဆုံးမှုက နှစ်ဆပိုများပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမီတာ ၊ ဆေးမီးတိုနဲ့ကုသတာ၊ မိရိုးဖလာ အယူအဆ အလွဲများအတိုင်းလုပ်တာ၊ မြွေဆိပ်ဖြေဆေးမလုံလောက်တာတွေ အပါအဝင် မြေပြင်မှာရင်ဆိုင်ရတဲ့ အခက်ခဲတွေကြောင့် မြွေအဆိပ်က နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက်တွေကို နှစ်စဉ် ခြွေယူနေဆဲ ဖြစ်ပါတယ်။
ကြုံတွေ့ခဲ့တဲ့ မြွေကိုက်လူနာအကြောင်းလေး မျှဝေပေးပါမယ်။ ၁၁ နှစ်သားအရွယ် ကလေးငယ်တစ်ယောက် ပိုးထိ(မြွေကိုက်)ပြီး ညသန်းခေါင်မှာ ဆေးရုံကို ရောက်လာခဲ့ပါတယ်။ ညနေမှောင်ရီပျိုးချိန် ဆိတ်ကျောင်းအပြန် ခြေကျင်းဝတ်နေရာကို မြွေကိုက်ခံရတဲ့အတွက် အိမ်မှာပဲ ဆေးမြီးတို ပေါင်းစုံနဲ့ ကုသထားပြီး ဖြစ်ပါတယ်။ မြွေကိုက်ဒဏ်ရာပေါ်ကိုလည်း နနွင်းဆေးတွေ တောင်လို ပုံထားခဲ့ပါတယ်။ ဘယ်မြွေကိုက်တယ်ဆိုတဲ့ မြွေအမျိုး အစားကား မသိခဲ့ရပါ။ ရောင်ရမ်း ဖောင်းတင်းနေပြီး နာကျင်လျက် သွေးတိတ်ခြင်းမရှိ တစိမ့်စိမ့် ယိုနေသောဒဏ်ရာကို ဦးစွာ ရေဆေး သန့်ရှင်းရေး လုပ်ပေးလိုက်ပါတယ်။
မေးခိုင်ကာကွယ်ဆေး နှင့် အနာသက်သာဖို့ ဆေးထိုးပေးခဲ့ပြီး မြွေပွေးကိုက်သည်ဟု သံသယကြီးကြီးရှိသော်လည်း အမျိုးအမည်မသိမြွေကိုက်ခံရရင် ကုသရမယ့် လမ်းစဉ် တွေအတိုင်း ကုသပေးခဲ့ပါတယ်။
အာရုံကြောကို ထိခိုက်စေတဲ့ မြွေဆိပ်သင့်လက္ခဏာများ ရှာဖွေတဲ့အခါမှာ အိပ်ချင် နေသည် မှလွဲပြီး အာရုံကြောမှာ အခြားပြဿနာတွေ မတွေ့ခဲ့ပါဘူး။ မြွေဟောက်ကိုက်ခံရတဲ့ အခြေအနေမျိုး မဟုတ်တာကြောင့် ASV Cobra(anti-snake venom) မြွေဟောက်အဆိပ်ဖြေဆေးကိုမထိုးပေးဘဲ အသင့်ပြင်ဆင်အနေအထားနဲ့ စောင့်ကြည့်ခဲ့ပါတယ်။
မြွေဆိပ်လက္ခဏာရှာဖွေဖို့
မြွေဆိပ်ကြောင့်သွေးမခဲသည့် လက္ခဏာများကို ရှာဖွေဖို့အတွက် 20WBCT စမ်းသပ်မှုကို လုပ်ရပါမယ်။ ဖန်ပုလင်းထဲကို လူနာရဲ့ သွေးကိုထည့်ပြီး သွေခဲခြင်းကို စစ်ဆေးတာမျိုးပါ။ စစ်ဆေးလိုက်တဲ့အခါ သွေးမခဲဘဲနေတဲ့အတွက် မြွေကိုက်ခံရတဲ့ သားငယ်ကို မြွေဆိပ်သင့်အခြားလက္ခဏာတွေဖြစ်တဲ့ မြွေကိုက်ဒဏ်ရာသွေးတာအပြင် နှာခေါင်း သွေးလျှံတာ၊ သွားဖုံးသွေးယိုတာ၊ သွေးအန်တာ ၊ ဆီးလမ်းကြောင်းကနေ သွေးထွက်တာ၊ အရေပြားသွေးခြေဥတာ ၊ မျက်လုံးမှာ သွေးထွက်ပြီး မျက်စိနီတာ၊ သွေးမတိတ်တာ စတဲ့လက္ခဏာတွေကို လိုက်ပြီးတော့ရှာဖွေ စစ်ဆေးရပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ပျက်စီးတတ်တာကြောင့် ဆီးထွက်သမျှကို မှတ်သား တိုင်းတာပြီး ဆီးစစ်တာတွေ လုပ်ရပါတယ်။
ကလေးဖြစ်ပေမယ့် လူကြီးတစ်ယောက်ကို ပေးတဲ့ဆေးပမာဏအတိုင်း ပေးပြီး အခြေအနေတွေ စောင့်ကြည့်ကုသရပါတယ်။ အဖျား သွေးဖိအား သွေးခုန်နှုန်း သတိအခြေအနေ အစားအသောက်ဆီးဝမ်းအဝင်အထွက် မှတ်တမ်းတွေကို အချိန်ပြည့် မှတ်တမ်းတင်ပြီး လိုအပ်တဲ့အချိန်တိုင်း 20-WBCT နှင့် ကျောက်ကပ်အခြေအနေ စစ်ဆေးဖို့ သွေးတွေ မကြာမကြာဖောက်ယူရပါတယ်။
အဲ့ဒီလို ခက်ခက်ခဲခဲ ကုသပြီးတဲ့အခါ သားငယ်က အသက်ပြန်ရှင်သွားပါတယ်။ မြွေဆိပ်ဖြေဆေးတွေလည်း ပုလင်း နှစ်ဆယ် ဝန်းကျင် ကုန်သွားပါတယ်။
အခုလို ကိုယ်တွေ့ အတွေ့အကြုံကို ဝေမျှပေးတာဟာ မြွေကိုက်ခြင်းသည် ပေါ့ဆလို့ မရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး မြွေဆိပ်ဖြေဆေးကသာ အသက်ရှင်အောင် ကုနိုင်တဲ့ အဖြေဖြစ်ဆိုတာကို ပြည်သူတွေအားလုံး သိရှိကြဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။
အဆိပ်ရှိမြွေများ Elapidae
မြွေဟောက် ငန်းကြား ပင်လယ်ဂျပ်မြွေ (cobras, kraits, and coral snakes) မျိုးစိတ်တို့ပါဝင်တဲ့ Elapidae မြွေမျိုးနွယ်များနဲ့ Viperadae (true vipers, pit vipers, Azemiops). မြွေပွေးမျိုးနွယ်များကို မြန်မာနိုင်ငံမှာ တွေ့ရပါတယ်။
မြွေကိုက်ခံရပြီဆိုပါက အစွယ်ဒဏ်ရာကို ရှာပါ။ ကိုက်တဲ့မြွေအမျိုးအစားကိုသိပါက မှန်ကန်တိကျတဲ့မြွေဆိပ်ဖြေဆေးကို အချိန်မီထိုးပြီးကုသရာနိုင်မှာမို့ အထောက်အကူ ဖြစ်ပါတယ်။ လူနာကို အမြန်စစ်ဆေးပြီး အသက်မဆုံးရှုံးဖို့ အရေးပေါ် ကုသကယ်တင် ရပါမယ်။
မြွေကိုက်ခံရသူအားရှေးဦးသူနာပြုစုခြင်း
မြွေကိုက်ဒဏ်ရာကို အဝတ်သန့်သန့်ဖြင့် ခပ်ဖွဖွသုတ်ပါ။ ပတ်တီးစအုပ်ပြီး မကျပ်မတင်းချည်ပါ။အကိုက်ခံရသော ခြေလက်တို့ကို လှုပ်ရှားမှုမလုပ်စေဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးပို့ပါ။ အနည်းဆုံး ၂၄ နာရီ ဆေးရုံတင်ပြီး စောင့်ကြည့်ကုသဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
အာရုံကြောအဆိပ်ဖြစ်တဲ့ မြွေဟောက်အဆိပ်အတွက် ဖြေဆေးအပြင် အသက်ရှု စက်တပ်ပြီး ကုသရတတ်ပါတယ်။ အထူးကြပ်မတ်ကုသဆောင် ICU ပါ လိုအပ်နိုင်ပါတယ်။
သွေးအဆိပ်တက်တဲ့ မြွေပွေးအဆိပ်အတွက်ဆိုပါကလည်း ကျောက်ကပ် လုံးဝ ထိခိုက်ပျက်စီးချိန်မှာ အရေးပေါ် ကျောက်ကပ်ဆေးစက်ကြီးတွေ လိုအပ်နိုင်ပါတယ်။ မြွေကိုက်တာကို ပေါ့ဆလို့မရပါဘူး။ သေချာ ဂရုစိုက်ကုသရမှာ ဖြစ်ပါတယ်။
မြွေဆိပ်သင့်လက္ခဏာများ
မြွေကိုက်အစွယ်ဒဏ်ရာဝန်းကျင် နီရဲရောင်ရမ်းခြင်း၊ နာကျင်နေခြင်း၊ ခန္ဓာကိုယ် တစ်နေနေရာမှာ သွေးယိုစိမ့်၊ သွေးထွက်ခြင်း၊ မြွေကိုက်ဒဏ်ရာသွေးထွက်ခြင်း ၊ နှာခေါင်းသွေးလျှံ၊သွားဖုံးသွေးယို ၊သွေးအန်ခြင်း ၊ ဆီးလမ်းကြောင်းမှသွေးထွက်ခြင်း၊ အရေပြားသွေးကြည်ဥခြင်း ၊ မျက်လုံးတွင် သွေးထွက်မျက်စိနီခြင်း၊ သွေးမတိတ်ခြင်း တို့ဟာ မြွေဆိပ်ကြောင့် သွေးအဆိပ်တက်တဲ့ လက္ခဏာကို ပြသနေတာဖြစ်ပါပြီး နောက်ဆက်တွဲအဖြစ် ကျောက်ကပ် ပျက်စီးနိုင် ပါတယ်။
အာရုံကြောအားနည်းထိခိုက်ပျက်စီးခြင်း၊ မျက်ခွံလေးလံ၍ မျက်စိဖွင့်ရန်ခက်ခဲခြင်း၊ စကားပြောရခက်ခဲ၍ အာလေးလျှာလေး ဖြစ်ခြင်း၊ ခြေလက်များ အားနည်းလေးလံလာခြင်း၊ ခြေ၊ လက်၊ မျက်နှာထုံလာခြင်း အသက်ရှူရခက်ခဲခြင်းစတဲ့လက္ခဏာတွေကတော့ အာရုံကြောအဆိပ်တက် ခြင်းကို ပြသနေတာပါ။ အသက်မရှူတော့ဘဲ အသက်ရှုရပ်ပြီး သေသွားနိုင်ပါတယ်။
နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း ကိုယ်ခန္ဓာ ပြာနှမ်းကာ သတိလစ်ခြင်း စတာတွေကတော့ အရေးကြီးတဲ့ မြွေဆိပ်သင့်လက္ခဏာတွေပဲ ဖြစ်ပါတယ်။
လုံးဝရှောင်ကြဉ်ရမည့် အယူဆအလွဲများ
မြွေကိုက်ဒဏ်ရာကို ထိုးဆွခြင်း ၊ ဓားဖြင့်ခွဲခြင်း၊ မီးစဖြင့် ထိုးခြင်း၊ ဒဏ်ရာမှ မြွေဆိပ်များကိုပါးစပ်နှင့် စုပ်ခြင်း၊ ကျပ်စည်းခြင်း ၊ ရေခဲကပ်ခြင်း၊ အရက်တိုက်ခြင်း၊ မြွေမြီးဖြတ်စားခိုင်းခြင်း ၊ မြွေဆိပ်ပြီးဆေးမင်ကြောင်ရှိ၍ ကုသမှုမခံယူခြင်း စတာတွေ က မှားယွင်းတဲ့ အယူအဆအလွဲတွေ ဖြစ်ပါတယ်။
မြွေကိုက်ခဲ့ရင်
မြွေကိုက်ရင် မပေါ့ဆပါနဲ့ ဆေးရုံဆေးခန်းကို မဖြစ်မနေ ပို့ပေးပါ။ မြွေဟောက် မြွေပွေး အပါအဝင် အဆိပ်ရှိတဲ့ မြွေအဆိပ်ကို ဖြေဆေးနဲ့ အသက်ရှင်အောင် ကြိုးစား ကုလို့ရပါပြီ။ ငန်းတော်ကျား၊ ဂျပ်မြွေ၊ မြွေဟောက်၊ တောကြီးမြွေဟောက် အကိုက်ခံရပါက အချိန်မဆွဲဘဲ ချက်ချင်းဆေးရုံပြေးရပါမယ်။နာရီပိုင်း မိနစ်ပိုင်းအတွင်း အဆိပ်ကြောင့် အသက်ဆုံးနိုင်ပါတယ်။
မြွေဆိပ်ဖြေဆေးထိုးဖို့ အချိန်ကြာ နှောင့်နှေးခဲ့ပါက အဆိပ်ပျံ့နှံ့ပြီး ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ပိုမိုထိခိုက်ပြီး အသက် အန္တရာယ် ပိုနီးနိုင်မှာ ဖြစ်ပါတယ်။ အမြန်ကုသဖို့ ခက်ခဲလေ အသက်ရှင်နိုင်ခြေနည်းပါးလေဖြစ်ပါတယ်။
ဒါ့အပြင် မြွေဆိပ်ဖြေဆေးတွေကို ဖောဖောသီသီနဲ့ လွယ်လွယ်ကူကူ ရနိုင်ပါမှ အသက်တွေကို ကယ်တင်နိုင်မယ် ဆိုတာက လက်တွေ့မှန်တရားဖြစ်တယ် ဆိုတာ မမေ့စေလိုပါဘူး။
နောက်ထပ် ရက်သတ္တပါတ်မှာတော့ မကြာမီကာလမှာ မိုးကာလကို ရောက်ရှိတော့ မှာ ခြင်းပေါက်ဖွားမှု များလာတာကို ကြုံရမှာဖြစ်ပါတယ်။ ခြင်ပေါက်ဖွားမှုနဲ့အတူ ကလေးတွေမှာလည်း သွေးလွန်တုပ်ကွေ ရောဂါ ဖြစ်နိုင်တာမို့ ကြုံတွေ့ခဲ့ရတဲ့ သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
မဝေးတော့တဲ့ကာလမှာ အားလုံး ဒုက္ခကုန်ဆုံးပြီး ခွင့်တူညီမျှ ပြည်သူဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်းမေတ္တာ ဝေမျှလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #မြွေကိုက်ခံရခြင်း #မရှိမဖြစ်မြွေဆိပ်ဖြေဆေး #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)