ဧရာဝတီတိုင်းမ်
မေ ၇ ရက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လတ္ထုတ္တောကျေးရွာကို စစ်ကောင်စီတပ်မှ ၀င်ရောက်မီးရှို့ဖျက်ဆီးရာအိမ် ခြေ ၅၉၇ အိမ်မီးလောင်ပျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ သေဆုံးမှုလည်းရှိကြောင်း CDSOM အဖွဲ့ခေါင်းဆောင် ကိုနွေဦး(မြောင်)ထံမှ သိရသည်။
ယမန်နေ့ မေ ၆ ရက်နေ့ နံနက် ၈ နာရီကျော်၀န်းကျင် အချိန်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေ ကန်ကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ် အင် အား ၁၀၀ ခန့်သည် မြင်းမူ လတ္ထုတ္တောကျေးရွာကို ၀င်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရွာကို မီး၀င်ရှို့တာ လူရော အိမ်မွေးတိရိစ္ဆာန်တွေပါ သေတယ်။ အကုန်ပြာပဲကျန်တယ်။ ဒေသခံတစ်ဦးက မီးထဲပိတ်မိပြီး မပြေးနိုင်တော့ဘဲသေတယ်။ နှစ်ဦးက တော့ ဒဏ်ရာရတယ်”ဟု မြောင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ခေါင်းဆောင် ကိုနွေဦး(မြောင်)မှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ မီးရှို့ခံရသည့်ရွာသည် မုံရွာ-မန္တလေးလမ်းမနှင့် တစ်မိုင်ကျော်ကွာဝေးပြီး အိမ်ခြေ ၆၅၀ ကျော်ရှိသည့်ရွာဖြစ်ပြီး စစ်ကောင်စီတပ်မှချောင်းဦးနယ် ဘက်သို့ စစ်ကြောင်းထိုးပြီးနောက် ယင်းကဲ့သို့ ၀င်ရောက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၅ နာရီခန့်က ၎င်းတို့၀င်ရောက်စစ်ကြောင်းထိုးခဲ့သည့် ချောင်းဦးနယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င် PDF ငါးဦးကိုလည်း ဖမ်းဆီးခေါင်းဖြတ်သတ်ခဲ့ကြောင်း ကိုနွေဦးမှ ပြောသည်။
“ချောင်းဦးနယ်က PDF ၅ ဦးကိုသတ်ဖြတ်ကို ၄ ဦးရဲ့ ခေါင်းတွေကို ဖြတ်သွားတယ်။ အဲဒီလိုသတ်ပြီး မြောင်-မြင်းမူအစပ်က လတ္ထုတ္တောရွာကို၀င်ပြီး မီးရှို့ဖျက်ဆီးတယ်။ ၁၀ နာရီလောက်ကျတော့ ချောင်းဦးဘက်ကိုပြန်ထွက်သွားတယ်”ဟု ဆိုသည်။
အလားတူ တစ်ချိန်တည်း၌ပင် မြောင်နယ် ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သား ၄၀ ကျော်ခန့်သည် စခန်းသို့အပြန်၌ မြောင်၊ မြင်းခြံနှင့် ရေလယ်ကျွန်းမှ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများရှိကြောင်း သိရသည်။
#မြင်းမူမြို့နယ် #အိမ်ခြေ၆၀၀ #စစ်ကောင်စီတပ် #မီးရှို့ #Ayeyarwaddy_Times