ဧရာဝတီတိုင်းမ်
မေလ ၇ ရက်

ရက္ခိုင့် တပ်တော် (AA) နှင့် ဆက်စပ်သည့် သံသယဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံထားရသော ရခိုင်ဒေသခံ လူငယ် ၂ ဦး မေလ ၅ ရက်နေ့က ရက်စေ့၍ လွတ်မြောက်လာကြောင်း သိရသည်။

ပြန်လွတ်လာသူ ၂ ဦးမှာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ မောင်မောင်ချေ (၂၆ နှစ်) နှင့် ရသေ့တောင်မြို့နယ် သံချောင်း ကျေးရွာမှ မောင်ဝေယံစိုး (၂၅ နှစ်) တို့ဖြစ်ပြီး စစ်တွေ အကျဉ်းထောင်မှ လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

လွတ်မြောက်လာသူ မောင်မောင်ချေက“ကျနော်တို့က ရက်စေ့ပြီး လွတ်ကြတာပါ။ ထောင်ထဲမှာ နေတုန်းကတော့ အစားအသောက်တွေကအစ အရမ်းဒုက္ခ ခံခဲ့ရတော့ အခုလိုပြန်လွတ်တာက ငရဲထဲက ပြန်လာရသလိုပါပဲ။ အထဲမှာ ကျန်ခဲ့တဲ့ တစ်ခြား ညီအစ်ကိုတွေလည်း အမြန်ဆုံး ပြန်လွတ်စေချင်ပါတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

၂၀၂ဝ ပြည့်နှစ် ဇွန်လ ၆ ရက်နေ့ ညနေပိုင်းက ကျောက်တော်မြို့နယ် မဟာမြတ်မုနိ ကျေးရွာသို့သွားစဉ် ကစ္ဆပနဒီ တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်က ၎င်းတို့ ၂ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့နောက် AA နှင့် ဆက်စပ်သည်ဟု ဆိုကာ ကျောက်တော် အခြေစိုက် ခမရ (၃၇၄) တပ်ရင်းမှ ဗိုလ်ကြီး ကျော်မင်းထွန်း က တရားလို ပြုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၂ နှစ် နီးပါး အမှု ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် မြောက်ဦးခရိုင် တရားရုံးက ၎င်းတို့ နှစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ကာ စစ်တွေ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

လွတ်မြောက်လာသူ မောင်ဝေယံစိုး၏ မိခင်ဖြစ်သူ ကလည်း“ကျမသားက အပြစ်မရှိဘဲ ခရီးသွားရင်း ဖမ်းဆီးခံလိုက်ရတာ ဆိုတော့ မိဘတွေမှာ ပိုပြီး ရင်နာရတာပေါ့။ သူတို့ထောင်ကျ နေတုန်းကဆို ကျမဘာမှမစားနိုင်၊ မသောက်နိုင်ဘူး။ အခု ပြန်လွတ်လာတော့ အတိုင်းမသိ ဝမ်းသာတာပေါ့။ ကျမ ပျော်သလိုမျိုး တစ်ခြားမိဘတွေ၊ မိသားစုတွေလည်း ပျော်စေချင်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း AA နှင့် ဆက်စပ်သည်ဟု ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ကျခံနေရသည့် ပုဏ္ဏားကျွန်း ဒေသခံ ၅ ဦးလည်း ရက်စေ့၍ ပြန်လွတ်လာခဲ့သည်။

#Ayeyarwaddy_Times