ဆောင်းပါးရှင်-ဝေဟင်စိုး
ဧရာ၀တီတိုင်းမ် ၊ မေလ ၆ ရက်

နံနက်မိုးလင်းသည်နှင့် ပဲပြုတ်နှင့် ထမင်းကြမ်း နံနက်စာ အဆာပြေအဖြစ် စားကြသည်မှာ မြန်မာနိုင်ငံသားအများစု၏ ဓလေ့တစ်ခုလို့ပင် ဆိုနိုင်ပေမည်။ စစ်တပ်အာဏာ သိမ်းပြီးနောက် ဆက်တိုက်မြင့်တက်လာသော ကုန်စျေးနှုန်းကြောင့် အခြေခံ လူတန်းစားများအတွက် ပဲပြုတ်နှင့်ထမင်းကြမ်း နယ်စားဖို့ပင် ခက်ခဲသည့် ကာလကို ကြုံနေရပြီ ဖြစ်သည်။

ယခင်က တစ်ဆယ်သားလျှင် ငွေကျပ် ၄၀၀ သာပေးရသည့် ပဲပြုတ်ကို တစ်ဆယ်သား မဝယ်ချင်ပါက ၂၀၀ ဖိုး ၃၀၀ ဖိုး ဝယ်လို့ရသည်။ စစ်အာဏာသိမ်းမှု ၂ နှစ်ကျော် ကြာပြီးနောက် ပဲပြုတ် တစ်ဆယ်သား ကျပ် ၁,၀၀၀ နီးပါးအထိ စျေးတက်ခဲ့ပြီး အနည်းဆုံး ၄၀၀ ဖိုး၊ ၅၀၀ ဖိုးဝယ်မှသာ ပဲပြုတ်သည်က ရောင်းပေးတော့သည်။

“ပဲပြုတ်တစ်ဆယ်သားတောင် တစ်ထောင်ဖြစ်နေတယ်။ တစ်ပိဿာကို တစ်သောင်း ဈေးလေ။ အရင်လို သုံးရာဖိုးလောက်ပေးပါဆိုရင် ဈေးသည်ကမရောင်းဘူး။ အနည်းဆုံး ငါးကျပ်သား ဝယ်မှဘဲ ရောင်းပေးတာ။ မုန့်ဟင်းခါးတစ်ပွဲ အကြော်မပါ ငွေတစ်ထောင်။ အရည်ကကျဲကျဲ မုန့်ဖတ်နည်းနည်းနဲ့ ဘုရားစူး မုန့်ဟင်ခါးပါ” ဟု ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင်နေထိုင်သူ မဇင်မာ (အမည်လွှဲ)က ငြီးတွားသည်။

မဇင်မာ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် စက်ချုပ်ခြင်းဖြစ်ပြီး မိသားစုဝင် လေးဉီးရှိသည့်အနက် ဖခင် ဖြစ်သူမှာ အနှေးယာဉ်လုပ်သား(ဆိုက်ကားဆရာ)တစ်ဦး ဖြစ်၍ ပုံမှန်ဝင်ငွေနည်းပါးသူဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း ကျန်းမာရေးမကောင်းပေ။ မောင်ဖြစ်သူမှာ အသက် ၁၆ နှစ်သာ ရှိသေးပြီး ရန်ကုန်မြို့အတွင်း အမှာ ပစ္စည်းလိုက်လံပို့ဆောင်သည့် (Delivery) အလုပ်လုပ်ကိုင်ကြောင်း မဇင်မာက ဆိုသည်။

ဖခင်နှင့် မောင်ဖြစ်သူတို့ ရရှိသည့်ဝင်ငွေဖြင့် နိစ္စဓူဝစားဝတ်နေရေးကို ဖြေရှင်းနေရပြီး၊ သူ စက်ချုပ်သည့် ဝင်ငွေဖြင့် အိမ်လခနှင့် မိခင်ဖြစ်သူကို ဆေးဝါးကုသပေးနေရခြင်းဖြစ်သည်။

မဇင်မာတို့ မိသားစုသည် မြစ်ဝကျွန်းပေါ်‌ဒေသတစ်ခုမှ ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဆင်ခြေဖုံးရပ်ကွက်တွင် အခြေချနေထိုင်ရန် ၂၀၁၄ ခုနှစ်အတွင်းက ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့သည် အကျပ်တည်းဆုံးကာလများဟု ဆိုသည်။

“နိုင်ငံရေးအ‌ခြေအနေတွေက အခုလို ကမောက်ကမဖြစ်တော့ ညီမတို့ အလုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံ ပိတ်လိုက်ရတယ်။ နောက်စက်ရုံတစ်ခု ထပ်ပြောင်းတယ်။ အဲ့ဒီစက်ရုံ ကလည်း ထပ်ပိတ်ပြန်တော့ အလုပ်မရှိလို့ နားနေရသေးတယ်။ အလုပ်နားနေတဲ့အချိန် အိမ်လခမပေးနိုင်လို့ တောင်းပန်ပြီးစောင့်ခိုင်းရတယ်။ အခု အလုပ်ပြန်ဆင်းရတော့လည်း လျှပ်စစ်မီးတွေက တအားပြတ်တော့ အချိန်ပိုမဆင်းရဘူး။ ဝင်ငွေတွေက နည်းသွားတယ်။ ကုန်ဈေးနှုန်းကလည်း တစ်ရိတ်ရိတ်တက်လာတော့ ထမင်းနှစ်နပ်မှာ တစ်နပ်ဘဲ ပေါင်းစားရမယ် အခြေအနေမျိုးကြုံနေရတယ်။ လူတိုင်းကအလုပ်ကို ဟန်မပျက်သွား လာနေရပေမယ့် ဝင်ငွေနဲ့ တက်လာတဲ့ ကုန်ဈေးနှုန်းကို လိုက်လို့မမီဘူး” ဟု မဇင်မာက ပြောလာသည်။

စစ်အုပ်စုလက်ထက် မြင့်တက်လာသော အခြေခံစားသောက်ကုန်များအခြေခံစားသောက်ကုန်များဟုဆိုလျှင် ဆန်၊ ဆီ၊ ကြက်သွန်မှ စ၍ပြောရမည်ဖြစ်သည်။ စစ်အုပ်စုအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ အစပြု၍ အခြေခံ စားသောက်ကုန်ဈေးနှုန်းသည် ကျရိတ်မရှိဘဲ တရိတ်ရိတ်သာ ထိုးတက်လာခဲ့သည်။

ဆန်ဈေးနှုန်းသည် ယခု ဧပြီလနောက်ဆုံးပတ်အတွင်း ရွှေဘိုပေါ်ဆန်းမွှေး ထူးထူးရှယ်(အဟောင်း) တစ်အိတ်လျှင် ၁၁၆,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ထူးထူးရှယ်(ထိပ်စ) အသစ် ၉၇,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ထူးထူးရှယ် ၉၄,၀၀၀ ကျပ်၊ ရွှေဘို ဧရာမင်းထူးရှယ်(အသစ်) ၈၇,၀၀၀ကျပ်၊ ဧရာဝတီ ပေါ်ဆန်းမွှေး ၈၉,၀၀၀ ကျပ်၊ မနောသုခ (ရှယ်) ၆၅,၀၀၀ကျပ်၊ ဧရာမင်း(ရှယ်) ၇၆,၀၀၀ ကျပ် အထိ အသီးသီး ရှိသည်။

အလားတူ စားသုံးဆီဈေးနှုန်းအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ကျပ် ၉၀၀၀၊ ပဲဆီ ကျပ် ၁၀၀၀၀၊ Meizan 0.9L ကျပ် ၄၇၀၀၊ 18L ကျပ် ၉၅၀၀၊ Goody ဟင်းရွက်ဆီ 0.9L ကျပ် ၅,၁၀၀၊ 1.8L ကျပ် ၉,၅၀၀၊ 5.0L ကျပ် ၂၅,၂၀၀၊ 9.0L ကျပ် ၄၆,၅၀၀၊ 18L ကျပ် ၈၄,၀၀၀၊ ပုဇွန်နှစ်ကောင် ဟင်းရွက်ဆီ 1L ကျပ် ၄,၆၀၀၊ 2L ကျပ် ၉,၃၀၀၊ 5L ကျပ် ၂၂,၅၀၀၊ 9L ကျပ် ၃၉,၀၀၀၊ 18L ၇၅,၀၀၀ ရှိနေသည်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းသည် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ကြက်သွန်နီ အရွယ်အစားပေါ်မူတည်၍ ကျပ် ၂,၂၀၀ အထိရှိနေပြီး၊ ကြက်ဉ အသေးတစ်လုံး ကျပ် ၂၅၀ ၊ အကြီးတစ်လုံး ကျပ် ၂၇၀ ၊ ဘဲဉအသေးတစ်လုံး ကျပ် ၃၂၀၊ အကြီးတစ်လုံး ကျပ် ၃၇၀ အထိ မြင့်တက်လာသည်။

သားငါးဈေးအနေဖြင့် မည်သည့်ငါးမဆို အနည်းဆုံးကျပ်သုံးထောင်ဖိုးဝယ်ယူမှသာ မိသားစုဝင်နည်းသူများအတွက် တစ်နက်စာ စားသုံးရန်အဆင်ပြေပြီး၊ ကြက်သား အသားကောင်း တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀ ၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၁၆,၀၀၀နှင် ဝက်သားတစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ကျပ် ၂၀,၀၀၀ အထိ မြင့်တက်လာသည်။

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများအနေဖြင့်လည်း အောက်တိန်း 92 တစ်လီတာ ၂,၀၅၅ ကျပ် ၊ အောက်တိန်း 95 တစ်လီတာ ၂,၁၄၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁,၉၇၅ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာ ၂,၀၅၅ ကျပ် အထိ မြင့်တက်လာသည်။

ယခု ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဆန်ဈေးနှုန်းအပါအဝင် စားသုံးဆီဈေးနှုန်း ၊ဟင်းသီးဟင်းရွက် ဈေးနှုန်း၊ သားငါးဈေးနှုန်းများကို အနီးစပ်ဆုံး စုံစမ်းဖော်ပြထားခြင်းဖြစ်ပြီး၊ အဆိုပါ ဈေးနှုန်းများသည်လည်း တည်ငြိမ်မှုမရှိဘဲ လစဉ်အလိုက် ထပ်မံ မြင့်တက်ဖွယ်ရှိသည်ဟု ဈေးကွက်အတွင်းက သိရသည်။

ဘာကြောင့် ကုန်ဈေးနှုန်းတွေ တက်ရတာလဲ

လက်ရှိတွင် ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ရောင်းလိုအားရှိသည့်အနက် ရောင်းလိုအားဖြစ်သည့် ကုန်ထုတ်လုပ်မှုများ ကျဆင်းလာခြင်းနှင့် ကုန်ဈေးနှုန်း များမြင့်တက်လာခြင်းသည် စက်သုံးဆီဈေးနှုန်းအပြင် အခြားထုတ်ကုန် အသီးသီးနှင့် သက်ဆိုင်သော သွင်းအားစုအမယ်များ ဈေးမြင့်တက်လာခြင်းကြောင့် ဖြစ်ပြီး၊ ယင်းအတွက် ထုတ်ကုန်ပစ္စည်းတစ်ခုစီတိုင်းတွင် ဈေးနှုန်းများမြင့်တက်လာသည်ဟု ယေဘူယျပြောနိုင်ကြောင်း စက်မှုလုပ်ငန်းရှင်တစ်ဉီးက ထောက်ပြသည်။

“ လျှပ်စစ်မီးနဲ့ တည်ဆောက်ထားတဲ့ မြို့ပြလိုနေရာမျိုးတွေမှာ လျှပ်စစ်မီးဖူလုံ အောင်မပေးနိုင်တာဟာ ကုန်ထုတ် လုပ်ငန်းတွေကျဆင်းစေတာပဲ။ ဒါက လျှပ်စစ်မီးနဲ့ ဆိုင်တာလေးကိုပဲ ပြောတာ။ ကုန်ဈေးနှုန်းတွေတက်လာတာ ဘာ့ကြောင့်လဲဆိုတဲ့ ဆက်နွယ်နေတဲ့ အခြေခံအကြောင်းတရားတွေပေါ့။ စီးပွားရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြောမယ်ဆိုရင် ဆက်စပ်နေတာတွေက အများကြီးပါ။ ပြည်တွင်းကုန်ထုတ်လုပ်မှုအတွက် နယ်ပယ်အလိုက် အ‌ခြေခံကျတဲ့ အဆောက်အအုံတွေကို ခိုင်ခိုင်မာမာ မတည်ဆောက် နိုင်သ၍တော့ လုထုကပဲ ခါးစည်းခံနေရဉီးမှာ။ ဥပမာ-မီးမလာလို့ ရေတင်မရတာမျိုးပေါ့။ စီးပွားရေး တိုးတက်တာ၊ မတိုးတက်တာတွေဟာလည်း အဲ့ဒီသဘောပါပဲ။ ဒါက ဆန်းတော့ မဆန်းပါဘူး” ဟု ၎င်းက ဆိုသည်။

ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးနေသည့် စစ်ခေါင်းဆောင်

“ ထုတ်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေက ပိုမိုကြိုးပမ်း ဆောင်ရွက် ခဲ့ရင် ဒီနှစ်ဟာယခင်နှစ် တွေထက် စီးပွားရေးတိုးတက်မှုအား ပိုမိုကောင်းလာ မယ်လို့ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ထားသည်။

၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းများရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းအားများ စုစည်းမှုကောင်းလာသောကြောင့် ကုန်ထုတ်လုပ်မှုများ ကောင်းမွန် လာကြောင်း၊ နယ်စပ်ကုန်သွယ်မှုများကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင် ခြင်းကြောင့် လုပ်ငန်းများ ပြန်လည်လည်ပတ်လာနိုင်ပြီး၊ နိုင်ငံ၏ စီးပွားရေးသည် အနုတ်လက္ခဏာမှ အပေါင်းသုံးရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့သည် ဟုလည်း စစ်ခေါင်းဆောင်က ဆိုထားသည်။

ထို့အပြင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စီးပွားရေးမြှင့်တင် သည့်နေရာတွင် ခိုင်မာသော စီးပွားရေးလုပ်ငန်းများအား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေး ခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းဖြစ်ပြီး MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်နေကြောင်း ဆိုထားပြန်သည်။

တိုင်းပြည်စီးပွားရေးသည် ယခုနှစ်အတွင်း တိုးတက်လာမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုနေသော်လည်း လက်ရှိ လူထုရင်ဆိုင်နေရသည့် ကုန်ဈေးနှုန်းမြင့်တက် လာမှုနှင့် အထွေထွေအကျပ်အတည်းများကမူ ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးသကဲ့သို့ ဖြစ်နေသည်။

စစ်အုပ်စုလက်ထက် ဇောက်ထိုးဆင်းသွားသည့် နိုင်ငံ့ စီးပွားရေး

ပြည်တွင်း၌ တစ်ရက်လျှင် ၄ နာရီကြာသာ အချိန်ခွဲခြားရရှိနေသည့် လျှပ်စစ်မီးကြောင့် ထုတ်ကုန်လုပ်ငန်းများ လျော့ကျခြင်း၊ စက်သုံးဆီဈေးကြောင့် ကုန်စည်စီးဆင်းမှု စရိတ်မြင့်တက်ကာ အခြေခံစားကုန်ဈေးနှုန်းများမှာ ရက်သတ္တပတ်နှင့် တစ်ပတ် တရိတ်ရိတ် မြင့်တက်လာခဲ့သည်။

နိုင်ငံ့စီးပွားရေးသည် စစ်တပ်အာဏာသိမ်းထားသည့် နှစ်နှစ်အတွင်း ပဋိပက္ခများကြောင့် ဆိုးဆိုးဝါးဝါးကျဆင်းနေသကဲ့သို့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP သည်လည်း ယခုနှစ် စက်တင်ဘာလအထိ သုံးရာခိုင်နှုန်းမျှသာ ရှိလာကြောင်း ကမ္ဘာ့ဘဏ်၏ မတ် ၃၁ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်းပဋိပက္ခများ၊ ဆိုးဝါးသောလျှပ်စစ်မီး ပြတ်တောက်မှုများနှင့် မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်များသည် နိုင်ငံရေးနှင့် လူမှုရေးအတွက် အကျပ်အတည်းဖြစ်စေသည်။

ထို့ပြင် မတည်ငြိမ်နိုင်လွန်းသည့် စစ်ခေါင်းဆောင်၏ စည်းမျဉ်း ကန့်သတ်ချက်များက စီးပွားရေးကို ဆက်လက် ဆိုးဝါးစေသလို ရုပ်အားဖြင့်ပင် တိုးတက်လာဖွယ် မရှိသေးကြောင်း ဆိုထားသည်။

ယခင် အရပ်သားအစိုးရ သက်တမ်းအတွင်း တစ်ရွှေ့ရွှေ့ တက်လာခဲ့သည့် နိုင်ငံ့စီးပွားရေးနှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၈ ရာခိုင်နှုန်းအောက် ကျဆင်းနိုင်သည်ဟုလည်း စီးပွားရေး ပညာရှင်အချို့က ထောက်ပြထားသည် ကိုလည်း တွေ့ရသည်။

“လက်ရှိဖြစ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် နိုင်ငံ့စီးပွားရေးက သမိုင်းတလျှောက် မှာ အဆိုးဆုံးလို့တောင် ပြောလို့ရတယ်။ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတော့ နိုင်ငံ့စီးပွားရေးဟာ တကယ့်ကို ဇောက်ထိုးဆင်း သွားတဲ့နှစ်ပေါ့။ လောလောဆယ် ခန့်မှန်းကြည့်သလောက် မတည်ငြိမ်မှုကြောင့် စီးပွားရေးတိုး တက်လာဖို့ မရှိသေးသလို အရင်လို ပြန်ရောက်ဖို့ အချိန်အများကြီး လိုအပ်နေသေးတယ်လို့ မြင်တယ်” ဟု စီးပွားရေးလေ့လာသူတစ်ဉီးက သုံးသပ်သည်။

အလားတူ စစ်ခေါင်းဆောင်က အသေးစား အလတ်စားလုပ်ငန်းရှင်များအတွက် ပြည်တွင်းထုတ်ကုန် မြင့်တက် လာစေရန်ချေးငွေထုတ်ပေးရန် ညွှန်ကြားထားသော်လည်း ချေးငွေနှင့် ပတ်က်သက်၍ မြေပြင်တွင် လက်ရှိ ဆောင်ရွက်နေရသာ လုပ်ငန်းရှင်များအဖို့ အခက်အခဲများစွာရှိကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဉီးက ဆိုသည်။

“လုပ်ငန်းရှင်တွေအတွက် ချေးငွေလို့သာဆိုတယ် သွားလျှောက်ရင် သူတို့လိုချင်တဲ့ အာမခံချက်တွေ၊ အချက်အလက်တွေက ကျွန်တော်တို့ SME လုပ်ငန်းရှင် တော်တော်များများမှာ မစုံဘူးတဲ့သူများတယ်။ ကျွန်တော်နားလည်သလောက်ဆိုရင် ဝိုင်းကြီးချုပ်သဘောချေးပေးတာ။ အနည်းဆုံးလုပ်ငန်းရှင် သုံးဉီးစုခိုင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် အာမခံခိုင်းတဲ့သဘော၊ တစ်ယောက်က အကြောင်း အမျိုးမျိုးကြောင့် ပြန်မဆပ်နိုင်ရင် ကျန်နှစ်ဉီးက တာဝန်ယူရမယ်ဆိုတဲ့ ပုံစံပေါ့။ ကိုယ့်လုပ်ငန်းအတွက် ချိန်ဆပြီးချေးတဲ့ ငွေကိုတော့ ကိုယ်ပြန် ဆပ်နိုင်ပေမယ့် အခြားသူအတွက် တာဝန်ယူရမယ်ဆိုတာမျိုးကတော့ အဆင်မပြေဘူး။ ချေးငွေတော့ ပေးပေမယ့် စည်းကမ်းသတ်မှတ်ချက်တွေများတဲ့အခါကျတော့ လုပ်ငန်းရှင် တွေက မယူချင်ဘူး။ ကျွန်တော်သိသလောက်က ရတဲ့သူကမတွေ့ဘူး။ ချေးငွေရဖို့ တော်တော် ခက်ခဲတယ်”ဟု ချေးငွေလျှောက်ထားမှုနှင့် ပတ်သက်၍ အဆိုပါ လုပ်ငန်းရှင်က ရှင်းပြသည်။

တစ်ဖက်တွင်လည်း အငယ်စား၊ အသေးစားနှင့်အလတ်စား MSME လုပ်ငန်းများအနေဖြင့် လျှပ်စစ်မီး မမှန်ခြင်း၊ ကုန်ကြမ်းပစ္စည်း တန်ဖိုးကြီးမြင့်တက်လာခြင်း၊ စက်သုံးဆီနှင့် အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက် နေခြင်းတို့ကြောင့် လုပ်ငန်းများဆက်လက်လည်ပတ်ရန် အခက်ကြုံနေရသည်ဟု ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်လက်ထက်တွင် ကုန်ဈေးနှုန်းမြင့်တက်လာရခြင်းကြောင့် အခြေခံလူတန်းစားများအတွက် ပိုမိုကျပ်တည်းလာ နေပြီး တစ်ဖက်တွင်လည်း အလုပ်လက်မဲ့နှုန်းမြင့်တက်လာနေသည်။

အိမ်ထောင်စုဝင်တိုင်း၏ ဝင်ငွေနှင့်သုံးစွဲနိုင်အား ကျဆင်းလျက်ရှိသကဲ့သို့ စီးပွားရေးဘက် တွင်လည်း ဘဏ်လုပ်ငန်းအကျပ်အတည်းများကြောင့် လုပ်ငန်းလည် ပတ်ငွေများ ပုံမှန်မစီးဆင်းနိုင်ခြင်း၊ အမေရိကန်ဒေါ်လာဈေးမြင့်တက်ခြင်း၊ ဈေးကွက်ဝယ်လိုအား ကျဆင်းခြင်းနှင့် ကုန်ကြမ်း‌ဈေးနှုန်းများအပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လာြခင်းစသည့် ပြဿနာများ ရင်ဆိုင်နေရသည်။

မြစ်ဝကျွန်းပေါ်‌ဒေသတစ်ခုမှ ရန်ကုန်မြို့ပြသို့ ၈ နှစ်ကျော်အကြာ မိသားစုနှင့် ပြောင်းရွှေ့ နေထိုင်ခဲ့သည့် မဇင်မာ တစ်ယောက် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည် ဆိုပါက လက်ရှိအလုပ်ကို စွန့်ခွာ၍ ထိုင်းနိုင်ငံ သို့မဟုတ် မလေးရှားနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ရန် ဆုံးဖြတ်ထားပြီဖြစ်သည်။

စစ်အုပ်စုကြောင့် မြန်မာပြည်ရှိ ပြည်သူများ ကုန်ဈေးနှုန်းပါအဝင် အထွေထွေ အကျပ်အတည်းများကို ခါးစည်းခံနေရသည့် အကြောင်း မဇင်မာက ယခုလို ပြောသည်။

“ အိမ်တိုင်းမှာ ရှိနေတဲ့ ဆားက ငန်တယ်ဆိုတာ ကျွန်မ သိတယ်”
#စစ်အုပ်စု #နိုင်ငံသားများ #ခါးစည်းခံနေရ #ကုန်စျေးနှုန်း #အထွေထွေအကျပ်အတည်း #သတင်းဆောင်းပါး #Ayeyarwaddy_Times