ဧရာဝတီတိုင်းမ်
မေလ ၆ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအနီး ပုသိမ်မီးပြတိုက်၊ အရှေ့တောင်ဘက် ရေမိုင် (၅၁) မိုင်ပင်လယ်ပြင်မှာ မေလ(၃)ရက်နေ့ က စက်လှေတစ်စီးပေါ်ကနေ ရိုဟင်ဂျာ ၆၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးရမိတဲ့ရိုဟင်ဂျာ ၆၇ ဦးထဲမှာ၊ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၁၇ ဦးတို့ဖြစ်ပြီး ၁၈ နှစ်မပြည့်သေးသူတစ်ချို့ပါ၀င်ကာ ရိုဟင်ဂျာများကို လှေနဲ့ တင်ဆောင်လာတဲ့ မြန်မာလူမျိုး (၅) ဦးတိုကို စစ်ကောင်စီရေတပ်က ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

“စက်လှေနဲ့လာကြတာ ရေတပ်သင်္ဘောကမိလာတာ။အကုန်လုံးကို ဘိုကလေးမြို့ပေါ်ခေါ်လာတယ်။ လောလောဆယ်တော့ကွာရန်တင်းထဲမှာကိုဗစ်စစ်ပြီးထိန်းသိမ်းထားတယ်”လို့ ဘိုကလေးမြို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။

လက်ရှိဖမ်းမိထားသူတွေဟ ပွဲစားရဲ့ချိတ်ဆက်ပေးမှုနဲ့ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကိုအလုပ်လုပ်ဖို့ စက်လှေနဲ့ထွက်လာစဥ်မှာ ခုလိုဖမ်းဆီးခံခဲ့ရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဧရာ၀တီတိုင်းမှာ၂၀၂၃ခုနှစ်အတွင်းမှာ ရိုဟင်ဂျာ များဖမ်းဆီးခံရတာ တတိယအကြိမ်ဖြစ်ပြီးဧပြီလ ၁၉ ရက်နေ့က ရိုဟင်ဂျာ ၇၀ ဦးကိုငရုတ်ကောင်းမြို့ပင်လယ်ပြင်မှာဖမ်းဆီးခဲ့ပြီး ငပုတောမြို့နယ်တရားရုံးက ၆ ရက်အကြာ လ၀ကဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြှီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်းမှာ ရိုဟင်ဂျာ ၇၀၀ ကျော်ဖမ်းဆီးခံရပြီး လူ၀င်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံရကာ ၎င်းတို့အနက်မှ ၅၀၀ ကျော်မှာ ထောင်ဒဏ် တွေချမှတ်ခံထားရတယ်လို့ တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။