ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မေလ ၆ ရက်

စစ်ကောင်စီသည် ရှမ်းနှင့် ကရင်နီစပ်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေပြီး ယနေ့မေလ ၆ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်က ဖယ်ခုံမြို့နယ်၊ လန်ကောကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဖယ်ခုံ၊ လန်ကောကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ခရစ်ယာန် ကတ်သလစ်ဘုရားကျောင်းတစ်ခု နှင့် ဆေဒသခံပြည်သူများ၏ နေအိမ်တချို့ပျက်စီးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ နှစ် ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရ သည်။

” ဟိုးရက်ပိုင်းတွေထဲက လေယာဉ်နဲ့ လာပစ်နေတယ်။ ခုရက်ပိုင်းကတော့ တိုက်ပွဲမဖြစ်တဲ့ ဒေသတွေကိုပါပစ်နေတာ။ လှုပ်ရှားမှုတွေရှိနိုင်မယ်ထင်တဲ့ နေရာတွေကို လာပစ်တာလို့ ယူဆရတယ်။ စစ်အင်အားကတော့ သိရသလောက်ဆို စကခ- ၂ ရယ်၊ တပ်မ (၆၆) ရယ်က တပ်မ တစ်မလုံးအင်အားဖြည့်ထားတယ်လို့သိရတယ်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းပြန်ကြားရေးတာဝန်ရှိသူ ခူညေးရယ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက ရှမ်း-ကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်း ဒေသ၊ ဒေါတမကြီး၊ ဒေါညေးခူးဒေသ၊ ဒီးမော့ဆိုဒေသ၊ ဘောလခဲ ဒေသများတွင် စစ်အင်အားများဖြန့်ကျက်ထားပြီး ရှမ်းပြည်နယ်အရှေ့အလယ်ပိုင်းအခြေစိုက် အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂) နှင့် တပ်မ (၆၆) တပ်မ တစ်ခုလုံးကိုပါ ထပ်မံအင်အားဖြည့်တင်းထားကြောင်း သိရသည်။

“ကရင်နီဒေသထဲက စစ်ကောင်စီအင်အားတွေကဝော့ာ ဟိုနဲနဲ ဒီနဲနဲထပ်ဆွဲထည့်ထား တာရှိတယ်။ တပ်မ (၅၅) တို့၊ တပ်မ (၉၉) တို့၊ ပခုက္ကူဘက်ကတပ်ရင်းတွေလည်းရှိတယ်။ အားလုံးပေါင်းခြုံကြည့်ရင် တပ်ရင်း ၃၀ ကျော်လောက်ရှိတယ် ကရင်နီထဲလွှတ်ထားတာ ၂၀၂၁ လောက်ကနေ ခုချိန်ထိပဲ” ဟု ဆက်လက်ပြောသည်။

စစ်ကောင်စီသည် မေလ ၅ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ကလည်း ရှမ်း-ကရင်နီနယ်စပ်တစ်လျှောက်ရှိ ကျေးရွာများသို့ ပေါင် ၅၀၀ ဗုံး နှစ်လုံးအပါဝင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့၍ နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့သည်။
ဓာတ်ပုံ – Local
#ရှမ်း #ကရင်နီ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ပေါင်၅၀၀ဗုံး #စစ်အင်အားတိုးချဲ့ #Ayeyarwaddy_Times