ဧရာဝတီတိုင်းမ်
မေလ ၆ ရက်

ရခိုင်ပြည်၊ မောင်တောမြို့၊အမှတ် (၄) ရပ်ကွက်၊ ဝက်သတ်ကုန်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မေလ ၄ ရက်နေ့၊ ည၉နာရီခွဲအချိန်ခန့်က အဆိုပါရပ်ကွက်မှ ဒေသခံတစ်ဦးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ရိုက်နှက်ခံရသူမှာ အသက် ၅၀ အရွယ် ဦးဘမြိုင်ဖြစ်ပြီး အဆိုပါနေ့က အရက်မူးမူးဖြင့် ရဲကင်းစခန်းအနီးနားသို့သွားစဉ် ကင်းစောင့်နေသည့် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

” သူက အရက်သောက်တတ်ပေမဲ့ လူတွေနဲ့ ပြဿနာမဖြစ်တတ်ဘူး။ အဲဒီနေ့ကလည်း ရဲကင်းစခန်းအနီးကိုရောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဘာဖြစ်ကြသလဲဆိုတာ ကျွန်တော်တို့ လည်း သေချာမသိဘူး။ စခန်းနားရောက်တဲ့အချိန်မှာ အစောင့်တွေက ထွက်ရိုက်လွှတ် လိုက်တာလို့ပြောတယ်။ ဒဏ်ရာတွေနဲ့ရောက်ချလာတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ဦးဘမြိုင်၏ မျက်နှာပြင်တခုလုံးရောင်ရမ်းကာ ဒဏ်ရာရ ရှိခဲ့ပြီး မောင်တောမြို့ရှိဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။

“အသက်ကလည်းကြီးပြီဆိုတော့ ဒဏ်မခံနိုင်ဘူးလေ။ ဒါကြောင့် ဆေးရုံတင်ပြီး ကုသ နေတာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာဆိုတော့ ကိုယ်တိုင်ကပဲ အသွားအလာ အနေအထိုင်ဆင်ခြင်ဖို့လိုအပ်တာပေါ့” ဟု မိသားစုနှင့် နီးစပ်သူ က ပြောသည်။

လက်ရှိကာလတွင် မောင်တောမြို့နယ်ရှိ ကျေးရွာ တစ်နေရာမှ တစ်နေရာသို့ ဖြတ်သန်း သွားလာမည်ဆိုပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်များတွင် အုပ်ချုပ်ရေးမှူး ထောက်ခံစာ ပြနိုင်မှသာလျှင် ဖြတ်သန်းသွားလာခွင့် ရကြောင်း သိရသည်။

#မောင်တောမြို့ #ရဲကင်းစခန်း #ရဲတပ်ဖွဲ့ဝင် #အရပ်သား #အုပ်စုဖွဲ့ရိုက်နှက် #Ayeyarwaddy_Times