ဧရာဝတီတိုင်းမ်
မေလ ၆ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ မေလ ၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ရဲ့ မြို့နယ်တာဝန်ခံ စရဖ တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကုန်းကြီးကျေးရွာအုပ်စု၊ နတ်မော်လမ်းမပေါ်မှာ ည ၇ နာရီလောက် မြို့နယ်တာဝန်ခံ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေး)တပ်ဖွဲ့က တပ်ကြပ်ကြီးအဆင့်ရှိသူ အောင်ထိုက် ဟာ အမည်မသိလိုက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်နဲ့ ၆ ချက်ပစ်တာခံပြီး နေရာမှာသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ မနေ့ညကသေတာက စရဖက တပ်ကြပ်ကြီး မြို့နယ်တာဝန်ခံလို့သိရတယ်၊ သူက အဲ့နေရာမှာတင် အပစ် ခံရပြီးသေတာ၊ မြို့မှာတော့ ခုတော်တော်အစစ်ဆေးကြမ်းနေတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
စရဖမြို့နယ်တာဝန်ခံ ပစ်ခတ်သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ကျေးရွာတွေကို ပိတ်ဆို့ ရှာဖွေတာတွေပြုလုပ်ပြီး မြို့အဝင် အထွက်ဂိတ်တွေမှာလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေပြု လုပ်နေတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို မသိရသေးသလို လုပ်တဲ့သူတွေကို လည်း ဖမ်းမိတာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဘိုကလေးမြို့နယ်မှာလည်း မေလ ၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ရဲ့ ဂိတ်ကင်းစခန်း ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။