နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၅ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့ယုတ်မာမှုများကို ဖုံးလွှမ်းသည့်သဘောဖြင့် ရုရှားနှင့််ပေါင်း၍ ဘာသာရေးကို အသုံးချကာ သူ၏ ဩဇာအာဏာ တည်မြဲရေးကို လုပ်ဆောင်နေသည်ဟု ဘာသာရေးခေါင်းဆောင်များက မိန့်ဆိုပြောကြား သည်။
စစ်ခေါင်းဆောင်သည် မေလ ၄ ရက်နေ့ က ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး ယဉ်ကျေးမှုနှင့် ဘာသာရေး ကိစ္စများကို အပြန်အလှန် ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး “ဗုဒ္ဓရဲ့ အဆုံးအမအရ ပြောရရင်တော့ မာယာပေါ့နော်။ ကိုယ့်အပြစ်ကို ဖုံးလွှမ်းဖို့ရယ်၊ သာထေယျ ဆိုတဲ့ မိမိမှာမရှိတဲ့ဂုဏ်ကို ရှိဟန်ဆောင်ဖို့ရယ်၊ ထိုမာယာ၊ သာထေယျ ၂ ပါးနဲ့ မရိုးသားမှုကို ပြဆိုတဲ့ပွဲမျိုးပဲ ဖြစ်ပါတယ်။ ဘာ ကြောင့်လည်းဆိုရင် သူ(မအလ)က တိုင်းသူပြည်သားရဲ့ အာဏာကို ခိုးယူထားတယ်” ဟု နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
ထိုသို့တွေ့ဆုံစဉ် ရှေးယခင်ကတည်းက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ကောင်းမွန်ခဲ့မှုနှင့် တိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ဘာသာရေးအရ ချစ်ကြည်ရင်းနှီးမှုမှသည် နှစ်နိုင်ငံအစိုးရနှစ် ရပ်အကြားနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာလာနိုင်သည့်အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
“တိုင်းသူပြည်သားတွေ ရွေးချယ်တဲ့ ပုဂ္ဂိုလ်တွေ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် အစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ကျပြီးတော့မှ လူယုတ်က ပလ္လင်ပေါ်တက်ပြီး၊ ခွေးအိမ်ဦးခန်း တက်ထိုင်သလို အလုပ်မျိုးကို သူ(မအလ)က လုပ်ထားတာ ဖြစ်ပါတယ်။ သူရဲ့ ယုတ်မာရက်စက်မှုတွေ ဒါတွေကို မသိမမြင်အောင်လို့ ဖုံးလွှမ်းတဲ့ပွဲမျိုး၊ မာယာပေါ့နော်” ဟု ဆရာတော် ဦးဝါယမက မိန့်ဆိုသည်။
ယင်းအပြင် မြန်မာနိုင်ငံတွင် ရုရှားအော်သိုဒေါ့ ဘုရားကျောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ရုရှားနိုင်ငံတွင် ဗုဒ္ဓစင်တာနှင့် ရွှေစည်းခုံစေတီတော်ပုံစံတူ တည်ဆောက်ထားမှု အခြေအနေ များ၊ ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စကျင်ကျောက်တော်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြခဲ့သည်။
“အာဏာရှင်နိုင်ငံ အချင်းချင်းဆိုတော့ ဘာသာရေးကို သူတို့က ကိုးကွယ်တာ မဟုတ်ဘဲနဲ့ အသုံးချစရာ တစ်ခုအနေနဲ့ပဲ လက်ခံထားတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့တွေ့ဆုံမှုဟာ ကျွန်တော်တို့အတွက် ကောင်းမှုလက္ခဏာတစ် ခုမှ မဆောင်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်မှ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာရ်ဒေါမိနစ်ထွေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးမီးရှို့နေပြီး တစ်ဖက်တွင်မူ ဘာသာရေးကိုင်းရှိုင်းပြနေခြင်းသည် သူတော်ကောင်းယောင်ဆောင်နေသည့် လူယုတ်မာများသာဖြစ်ကြောင်းနှင့် မည်သို့ပင် ဟန် ဆောင်ဖုံးလွှမ်းနေပါစေ လက်ရှိတွင် စစ်ကောင်စီ၏ စိတ်ရင်းအမှန်သည် ပေါ်လွင်လာခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူတို့(စကစ)ရဲ့ ယုတ်မာမှုတွေကို ဖုံးလွှမ်းချင်တဲ့အနေနဲ့ ဘာသာရေးကို အသုံးချတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဒေါင်းမွှေးတွေလည်း ချွတ်ကုန်ပြီ ချီးကန်းက၊ ပြီးတော့ သိုးရည်ကလည်း မလုံနိုင် တော့တဲ့ ဝံပုလွေဖြစ်နေပါပြီ။ ဘာသာရေးကို အသုံးချရုံ သက်သက်ပါပဲ။ သူတို့က ဘုရားတရားရှိတဲ့သူတွေလည်း မဟုတ်ပါဘူး” ဟု ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာရ်ဒေါမိနစ်ထွေးက ဆိုသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် အစ္စလာမ်ဘာသာ သာသနာပြုအဖွဲ့ဖြစ်သည့် သဗ်လီးဂ်အဖွဲ့ကို ရခိုင်ပြည်သို့ သွားရောက်ခွင့်ပြုခြင်း၊ ဗလီများတွင် ဝါဖြေပွဲများ ပြုလုပ်ပေးလာသလို တစ်ဖက်တွင်လည်း စစ် ကိုင်းတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ ဗလီများ၊ မွတ်စ်လင်ကျေးရွာများကို မီးရှို့ဖျက်ဆီးလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စ်လင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီမှ ဦးစိုးနေဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
“ဗလီတွေကို လွပ်လွပ်လပ်လပ် ပြုပြင်ခွင့်ပေးတယ်။ ဒါပေမယ့် မိတ္ထီလာတို့ ရခိုင်တို့မှာရှိတဲ့ ဗလီတွေ အခုထိ ဖွင့်မပေးသေးဘူး။ မြင်းမူက ဗလီဆို ဘုန်းကြီးကျောင်းပိုင်မြေထဲ သိမ်းခံလိုက်ရတယ်။ လားရှိုးက စာသင် ကျောင်းဆို အခုထိ မီးရှို့ခံထားရတဲ့ အတိုင်းပါပဲ၊ တည်ဆောက်ပြင်ဆင်ခွင့် မပြုပါဘူး။ တစ်ဖက်မှာ မီးရှို့ဖျက်ဆီး အကြမ်းဖက်မှုတွေ၊ လူမဆန်မှုတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ဖုံးချင်တဲ့သဘောပါ။ ဆင်သေကို ဆိတ် သရေနဲ့ ဖုံး တဲ့သဘောပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
အာဏာမသိမ်းခင်က ထုံးသုပ်ခြင်း၊ တစ်ခုခုယို့ယွင်းပျက်ဆီးသည့်အခါ ပြုပြင်ခြင်း၊ အသေးစားပြုပြင်မှု လုပ်ခြင်းတို့ကို ခေါ်ယူသတိပေး အရေးယူမှုများရှိသလို တချို့သာသနိက အဆောက်အုံများသည် တစ်ဝက်တပျက်ထား ထားရပြီး တချို့အဆောက်အဦးများကို ဘော်ဒူဇာဖြင့် ထိုးယူခြင်းများ ပြုလုပ်ခဲ့ရာမှ အာဏာသိမ်းပြီးနောက်ပိုင်း အပြကောင်းချင်သောကြောင့် မွတ်စ်လင်မ်များကို အယုံသွင်းသည့်အနေဖြင့် ပြုပြင်ခွင့် စပေးလာကြောင်း ဦးစိုးနေဦးက ဆိုသည်။