ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေလ ၆ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက စစ်ဗျူဟာမှူးလိုက်ပါလာသော မော်တော်ယာဥ် ၁ စီးကို ယမန်နေ့ မေလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ၎င်းယာဥ်တွင် လိုက်ပါလာကြသောဗျူဟာမှူးဗိုလ်မှူးကြီးအပါအဝင် ဗိုလ်မှူး ၁ ဦးနှင့် ယာဥ်မောင်း ၁ ဦးတို့ သေဆုံးခဲ့ကြောင်းသိရသည်။

CDF-Matupi၊ တပ်ရင်း ၁ လင်းယုန်တပ်ရင်းက အထူးစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MA 3 တစ်လက် ရရှိကာ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း အဆိုပါစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် CDF-Matupi ရဲဘော်တစ်ဦးထံမှ သိရသည်။

“ဒီနေ့တော့ နေ့ရှင်းလိုက်ပြီ။ သုံးရက် ထမင်းမစားပဲ စောင့်နေတာ။ ဒီနေ့တော့ပင်ပန်းရတာနဲ့တန်တယ်။ စစ်ဗျူဟာကနေ မတူပီမြို့ထဲကို ထွက်လာတဲ့အချိန် မတူပီမြို့နဲ့ စစ်ဗျူဟာကြား၊ နန်းစမ်းရေနားက ဗျူဟာဂိတ်မှာ ပစ်တာ။ အကုန်သေတယ်”ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းကာကွယ်ရေးတပ်-မတူပီက ဗျူဟာမှူးလိုက်ပါလာသော မော်တော်ယာဥ်ကို အနီးကပ်ပစ်ခတ်ရှင်းလင်းပြီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများကို ကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

မတူပီမြို့တွင် စစ်ဗျူဟာ၊ ခလရ ၁၄၀ တပ်ရင်းနှင့် ခမရ ၃၀၄ တပ်ရင်းတို့ တပ်စွဲထားပြီး ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
#မတူပီမြို့ #ချင်းကာကွယ်ရေးတပ်ဖွဲ့မတူပီ #စစ်ဗျူဟာမှူး #မော်တော်ယာဥ်#အနီးကပ်ပစ်ခတ်ရှင်းလင်း #ဗျူဟာမှူး #ဗိုလ်မှူး #ယာဥ်မောင်း #သေဆုံး
#Ayeyarwaddy_Times