ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်နဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက မေလ ၃ ရက်နေ့က ဆွမ်းဆန်စိမ်းလောင်လှူတာတွေပြုလုပ်ခဲ့ပြီးနောက် ၂ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးတွေ့ရှိခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပိုးတွေ့အတည်ပြုလူနာ ထုတ်ပြန်တဲ့ စာရင်း မှာတော့ တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မြို့အပါဝင် ခရိုင်မြို့ကြီးတွေမှာပါ ကိုဗစ်အတည်ပြုလူနာတွေ ပါဝင် လာတာတွေ့ရပါတယ်။

“ ဒီအချိန်မှာက ပွဲဖြစ်ပြီးရောလုပ်နေလို့မရဘူးလေ၊ သင်္ကြန်ပြီးထဲက ကိုဗစ်ပြန်တွေ့လာတာ၊ ပွဲလုပ်မယ် ဆိုရင်တောင် လူစုလူဝေးနဲ့ လုပ်လို့မရတော့ဘူး မလုပ်သင့်ဘူးလေနော်၊ ခေါင်းနဲ့စဉ်းစားပြီး လုပ်သင့်တယ် ခုက ပွဲဖြစ်ရင်ပြီးရော နောက်ကိစ္စ နောက်မှရှင်းမယ်ပုံစံမျိုးနဲ့ လုပ်နေတော့ ခုလိုမျိုး ပိုးတွေ့လူနာတွေ ပြန် များလာတာ မထူးဆန်းဘူး”လို့ ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတွေက မေလ ၃ ရက်နေ့မှာ ဆွမ်းဆန်စိမ်း လောင်တာနဲ့ ညောင်ရေသွန်းတာတွေကို မြို့နယ်တိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့နောက်ပိုင်း ခုလိုမျိုး ကိုဗစ်အတည်ပြုလူနာတွေ ပြန်များလာတာလို့ ဆိုပါတယ်။

သင်္ကြန််ကာလအပြီး ကိုဗစ်လူနာပြန်များလာချိန်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြည်သူ တွေကို အသွားအလာ သတိထားဖို့နဲ့ လူစုလူဝေးနဲ့ပွဲမလုပ်ဖို့အတွက် တားမြစ်ရမှာဖြစ်ပြီး သူတို့ ကိုယ်တိုင် ဦးဆောင်ပြီး လူစုလူဝေးနဲ့ ပွဲတွေပြုလုပ်နေတာဟာ ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးမထားတာလို့ ကျန်းမာရေးဝန်ထမ်းတွေက သုံးသပ်ပြောဆိုပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ညောင်ရေသွန်းပွဲတွေပြုလုပ်ပြီးနောက်ပိုင်း မေလ ၄ ရက်နေ့မှာ ကိုဗစ် အတည်ပြုလူနာ ၁၉၅ ဦးထိတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါ
တယ်။
#Ayeyarwaddy_Times