ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ မေလ ၅ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့၊ နတ်သံကွင်းဆေးရုံရှေ့တွင် မေလ ၃ ရက်နေ့ ည ၇ နာရီခန့်က အလုပ်မှ ပြန်လာသည့်လူငယ်တစ်ဦးကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့ကြောင်း သိရသည်။
နတ်သံကွင်းမြို့၊ တံခွန်တိုင်ရပ်ကွက်နေ စောမောင်ဒါး၊ မမူတို့၏သားဖြစ်သူ စောလေးလေးထူး အသက် (၂၃) နှစ်အရွယ်သည် အလုပ်မှဆိုင်ကယ်ဖြင့်ပြန်လာစဉ် ကင်းလှည့် နေသည့် စစ်ကောင်စီတပ်သားများမှ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ကျောဘက်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ထုတ်ပြန်ချက် အရ သိရသည်။
“ကင်းပုန်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်မောင်းလာတဲ့ လူငယ်ကို ပစ်သတ်လိုက်တာ ပွဲချင်းပြီးသေသွားတယ်။ သေသွားတဲ့သူက တိုင်းရင်းသားရေးရာ ဝန်ကြီးစောလင်းအောင် ရဲ့ တူအရင်းဖြစ်နေတယ်။ အလောင်းကို နတ်သံကွင်း ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်” ဟု အသက် ၃၀ ဝန်းကျင် ဝောာ်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါသေဆုံးသူ စောလေးလေးထူးမှာ စစ်ကောင်စီခန့် ပဲခူးတိုင်း၊ ကရင် တိုင်းရင်းသားရေးရာဝန်ကြီးစောလင်းအောင်၏ တူအရင်းဖြစ်သည်ဟုလည်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ ကျောက်မော် ဘုရားကြီးကျေးရွာမှ ပြည်သူတစ်ဦးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ တပ်သားဟု စွပ်စွဲကာ ၃ ရက်ကြာဖမ်းဆီးချုပ်နှောင်ခဲ့သည်။
ဇန်နဝါရီလမှ မတ်လအထိစာရင်းများအရ ကရင်အမျိုးသားအစည်းရုံး(KNU) အုပ်ချုပ်မှု နယ်မြေအတွင်း စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့်အကြောင့်မဲ့ ပစ်ခတ်မှု ၈ ကြိမ်အထိရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
#ပဲခူးတိုင်း #ကျောက်ကြီး #နတ်သံကွင်းမြို့ #စစ်ကောင်စီတပ်သား #ပစ်သတ် #ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတူ #Ayeyarwaddy_Times