ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

စစ်ကောင်စီတပ်များအနေဖြင့် သတ္တိရှိပါက မြေပြင်ပေါ်၌ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ထိပ်တိုက်တိုက်ခိုက်လိုကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ဥက္ကဌ ခွန်ဘီထူးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီအနေဖြင့် ကရင်နီပြည်နယ်တွင် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများအားဖမ်းဆီးသတ်ဖြတ်နေခြင်းစသည့် သရဲဘောကြောင်သည့်လုပ်ရပ်များကို လုပ်ဆောင်နေသည့်အတွက် ကရင်နီအမျိုးသားများကာကွယ်တပ် တာဝန်ရှိသူက ယခုကဲ့သို့ စိန်ခေါ်ပြောဆိုလာခြင်းဖြစ်သည်။

“စစ်ကောင်စီတွေ သတ္တိရှိရင် မြေပြင်မှာပဲ ရဲဘော်အချင်းချင်း ထိပ်တိုက်တွေတိုက်ခိုက်တာတွေ လုပ်ပါပေါ့နော်။ ကျွန်တော်တို့ ပြည်နယ်တဝိုက်မှာ ကျွန်တော်တို့တိုက်ခဲ့ပြီးပြီပေါ့နော်။ တိုက်ပွဲပေါင်းထောင်နဲ့ချီတိုက်လာခဲ့ပြီးပြီ။ မျက်နှာချင်းဆိုင်တိုက်တဲ့အခြေအနေမျိုးပေါ့နော်”ဟု ခွန်ဘီထူးက ပြောသည်။

ကရင်နီပြည်နယ်တွင် ဧပြီလ ၁ လအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၁၀၈ ကြိမ်အထိပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်တပ် – KNDF မှ မေလ ၃ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဧပြီလအတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲအကြိမ်ရေ ၅၀ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၇၀ ဦးခန့်သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့်အပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် လူနေအိမ် ၂၀ လုံး၊ ဆေးပေးခန်း ၂ ခန်း၊ ဆေရုံ ၂ ရုံနှင့် ဘာသာရေးအဆောက်အဦး ၂ လုံးပျက်ဆီးခဲ့ကြောင်း KNDF ၏ စာရင်းများအရ သိရသည်။

“လက်နက်ကြီးတွေ လေယာဥ်ပျံတွေသုံးပြီးတော့ ရွာသားတွေကို သေကြေပျက်စီးစေတဲ့ဟာတွေ ရွာသားတွေကို ဖမ်းပြီးသတ်ဖြတ် ထောင်ချတဲ့ဟာတွေက သရဲဘောကြောင်လုပ်တဲ့အလုပ်ပဲဖြစ်တယ်”ဟု ကရင်နီအမျိုးသားများကာကွယ်တပ် – KNDF ဥက္ကဌ ခွန်းဘီထူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်နီပြည်နယ်တွင် စစ်အာဏာသိမ်းပြီးချိန်ကစ၍ ယခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါ် ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀၀ ခန့် နှင့် KNDF/PDF/KA တပ်ဖွဲ့ဝင် ၂၆၀ ခန့် သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု – PKPF မှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ သတ်ဖြတ်ခြင်းခံရသည့် အရပ်သားပြည်သူ ၃၀၀ ကျော်အထိရှိနေပြီး စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသူ ၁၃၀ ကျော်နှင့် ဖမ်းဆီးခံထားရသူ ၂၈၀ ခန့်ရှိနေကြောင်း PKPF ၏ စာရင်းများအရ သိရသည်။

ထို့အပြင် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူပိုင်နေအိမ် ၁၅၀၀ခန့်နှင့် ဘာသာရေးအဆောက်အဦး ၃၄ လုံးခန့် ထိခိုက်ပျက်ဆီးခဲ့ကြောင်း PKPF မှ သတင်းထုတ်ပြန်ထားသည်။
#ကရင်နီ #စစ်ကောင်စီ #KNDF
#Ayeyarwaddy_Times