နွေဦးမောင်/ဧရာဝတီတိုင်းမ်
မေလ ၅ ရက်
ဧရာဝတီတိုင်း မြို့နယ်များ အတွင်း စစ်အာဏာ သိမ်းပြီးနောက် ဧည့်စာရင်း တိုင်ရာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ငွေကြေး အဆမတန် တောင်းယူမှုများ ပြုလုပ်နေကြောင်း သိရသည်။
ယခင်က ဧည့်စာရင်းတိုင်ခမှာ လူ တစ်ဦးလျှင် ၂၅ ကျပ် မှ ကျပ် ၅၀ ခန့်သာ ရှိသော်လည်း ယခုအခါ ကျပ် ၅၀၀ မှ ၁၀၀၀ အထိ ပေးရကြောင်း ဧည့်စာရင်း သွားတိုင်ရာတွင် ငွေကြေးပေးခဲ့ရသူ တစ်ဦးက ပြောသည်။
၎င်းက“အရင် အာဏာမသိမ်းခင် ကာလတွေမှာ တမြို့နဲ့တမြို့ တရွာနဲ့တရွာ သွားလာလည်ပတ်ရာမှာ ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှုးများထံ ဧည့်စာရင်း တိုင်တန်းခမှာ လူတစ်ယောက်ကို မြန်မာငွေ ၂၅ ကျပ်ကနေ ၅၀ သာ ပေးရပြီး အခု ၅၀၀ ကနေ ၁၀၀၀ အထိ ပေးနေရတယ်”လို့ ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ဈေးအရောင်းအဝယ်ကိစ္စ တစ်မြို့နှင့် တစ်မြို့ သွားရောက်လုပ်ကိုင်ရန် ရက်ရှည် နေထိုင်ရသူများမှာ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးများတွင် ဧည့်စာရင်း စာအုပ်များလုပ်ပြီး နေထိုင်ကြရကာ စာအုပ်ပြုလုပ်ခ ကျပ် ၂၀၀၀ ရှိကြောင်း၊ တလစာ လုပ်ပါက တရက် ကျပ် ၅၀၀ နှုန်း အုပ်ချုပ်ရေးမှုးများကို ပေးရကြောင်း၊ တစ်ရက်တလေ ဧည့်စာရင်း လာတိုင်ပြီး နေသူများမှာမူ တရက် ၁၀၀၀ ကျပ် ပေးရကြောင်းလည်း အထက်ပါ ဧည့်စာရင်း တိုင်ရာတွင် ငွေပေးခဲ့ရသူက ဆက်ပြောသည်။
စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရပ်သား အစိုးရဆီကနေ အာဏာသိမ်းယူပြီးနောက် ဧည့်စာရင်း ဥပဒေကို အသက်သွင်းကာ ပြည်သူများကို နည်းပေါင်းစုံဖြင့် ငွေကြေးတောင်းခံမှု ပြုလုပ်လာကြောင်း၊ ဧည့်စာရင်း တိုင်ကြားမှုများတွင်လည်း အဆမတန် ငွေကြေး တောင်းယူမှုများ ပြုလုပ်လာနေကြောင်း ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များကနေ စုံစမ်း သိရှိရသည်။
အရပ်သား အစိုးရလက်ထက် ၂၀၁၆ ခုနှစ် စက်တင်ဘာလထဲမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းမှာပါဝင်သော ဧည့်စာရင်း တိုင်ရမည် ဆိုသည့် အချက်ကို လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးကာ ပယ်ဖျက်ရန် မဲခွဲ ဆုံးဖြတ်ပြီးနောက် ဧည့်စာရင်း တိုင်ရခြင်း မရှိတော့ပေ။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#ဧရာဝတီတိုင်း #စစ်အာဏာသိမ်းပြီးနောက် #ဧည့်စာရင်းတိုင်ခများ #အဆမတန်တောင်းယူနေ #Ayeyarwaddy_Times