ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အကြောင်းမဲ့ ပစ်သတ်သွားပြီး သွေးတိုးရောဂါကြောင့် သေဆုံးသည်ဟု သတင်းလွှင့်ခိုင်းကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပစ်သတ်သွားသည့်အမျိုးသမီးမှာ မော်လိုက်မြို့နယ်၊ အောဇီးကုန်းအုပ်စု၊ ရွာတန်းရှေ့ကျေးရွာမှ မအဲဖွေး ဆိုသူဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အမျိုးသမီးမှာ စကားခုံကျေးရွာတွင် ပြုလုပ်သည့် မင်္ဂလာဆောင်မှ ပြန်လာစဉ် ဇီးကုန်းရွာနှင့် စကားခုံရွာကြားရှိ တံတားအနီးတွင် ဧပြီလ ၃ ရက် နေ့လည် ၂ နာရီဝန်းကျင်က အသတ်ခံရကြောင်း ဒေသခံများကပြောသည်။

“နေ့ခင်းဘက်ကြီးအကြောင်းမဲ့ စစ်တပ်နဲ့ပျူတွေ ပစ်သတ်သွားကြတာပါ။ သူတို့သတ်တာလို့ မပြောခိုင်းဘူး၊ သူဟာသူ သွေးတိုးလို့ သေတယ်လို့ ပြောခိုင်းတယ်။ သေနတ်ဒဏ်ရာကြီးနဲ့ကို မဖြစ်နိုင်တာကို သူတို့လိမ်ခိုင်းတယ်။ သူတို့သတ်တယ် ပြောရင်အကုန်ဖမ်းမယ်လို့ စစ်တပ်ကခြိမ်းခြောက်သွားတယ်” လို့ မော်လိုက်မြို့က အသက် ၄၅ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေနတ်နှင့်ပစ်သတ်ခံရသည့် မအဲဖွေးသည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်းလည်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရား သတ်ဖြတ်ခံရသည့် မအေးဖွေးတွင် ခင်ပွန်းဖြစ်သူနှင့် ၄ နှစ်အရွယ်သမီးလေး တစ်ဦး ကျန်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။