ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ မေလ ၅ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းမီးလောင်ကွက်သစ်ရှိ နေအိမ်တစ်လုံးပေါ်သို့ မေလ ၃ ရက် နံနက် ၄ နာရီဝန်းကျင်တွင် စစ်တပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အပြစ်မဲ့ပြည်သူများထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းမှ အကြောင်းမဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင် ၄ ဦးထိမှန်ဒဏ်ရာရခဲ့ခြင်း
ဖြစ်သည်။
“မိသားစုဝင် ၃ ဦးဒဏ်ရာအပြင်းထန်ရတယ်လို့သိရတယ်။ နောက်ဆက်တွဲအခြေအနေတော့မသိရသေးဘူး။ မော်လမြိုင်ဆေးရုံကြီးကို ပို့ထားတယ်။” ဟု ဝောာ်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦး ရာဇာထွန်း အသက် ၃၂ နှစ်မှာ ဦးခေါင်း နှင့် ရင်ဘတ်ထိမှန်ဒဏ်ရာရပြီး အသက် ၃၁ နှစ်အရွယ်ဒေါ်အိ မှာဗိုက်ထိမှန်ဒဏ်ရာရခဲ့ကာ အသက် ၁၁ နှစ်အရွယ် မဇင်မင်းသူမှာခြေထောက်ထိမှန်ခဲ့ပြီး အသက် ၃နှစ်အရွယ် မောင်ရှိုင်းလင်းသူမှာ ကျောပြင် ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မိသားစုဝင်များအား မေလ ၃ ရက်နံနက် ၇ နာရီ ဝန်းကျင်တွင် သိမ်ဇရပ် လူမှု့ကူညီရေးအသင်းမှ မော်လမြိုင်ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး မဇင်မင်းသူမှလွဲ၍ ကျန်မိသားစုဝင်များမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်းလည်း သိရသည်။
“ဒီဘက်မှာကအကြောင်းမဲ့ကို ပစ်နေတာ၊ ခမရ ၂၀၇၊ အမြောက်တပ် ၃၁၀ အဲ့ကနေ တိုက်ပွဲမရှိပဲ နေ့စဉ်နီးပါးကိုပစ်နေတာ။ ရွာတွေထဲ၊ ရပ်ကွက်တွေထဲ၊ သူတို့စိတ်တိုင်းကျပဲ။တစ်ခါတလေ ညအချိန်မတော် ၁နာရီနဲ့ ၂ နာရီကြား၊ ၂ နာရီနဲ့ ၃ နာရီကြားကိုပစ်နေတာ “ ဟု သထုံခရိုင် PDFတာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျိုက်ထိုတွင် စစ်ကောင်စီလက်အောက်ခံတပ်ရင်းများမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနေစဉ် နေ့စဉ်လက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး ဧပြီလ ၂၆ ရက်နေ့ကလည်း သုံးခွကျေးရွာမှ ရဟန်းတစ်ပါး ဆွမ်းဆန်စိမ်း အလှူခံထွက်နေစဉ် ခမရ ၂၀၇ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံထိမှန်ခဲ့ပြီး ဦးခေါင်းဒဏ်ရာရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။
#သိမ်ဇရပ် #လက်နက်ကြီးထိ #ခမရ၂၀၇ #စစ်ကောင်စီ #Ayeyarwaddy_Times