ဧရာဝတီတိုင်းမ်
မေလ ၄ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်သား ၄ ဦးပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး အနီးအနားရှိ ကျေးရွာ ၂ ရွာမှ ဒေသခံ ၂၀၀ နီးပါးကို စစ်တပ်က ယာယီထွက်သွားခိုင်းကြောင်း သိရသည်။

နေရပ်စွန့်ခွာလာရသည့် ကျေးရွာ ၂ရွာမှာ ဘူးသီးတောင်မြို့နယ်ရှိ ငှက်ပျောချောင်းရွာနှင့် ဖရုံချောင်းရွာတို့ဖြစ်ကြပြီး ဧပြီလ ၃၀ ရက်နေ့က ရွာမှ ယာယီထွက်သွားပေးကြရန် စစ်တပ်ကလာရောက်ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

” တပ်မ ၂၂ ကတပ်သား ၄ဦးပျောက်သွားတာကို လာမေးလို့ ရွာသားတွေကလည်း မသိဘူးလို့ဖြေတယ်။ပြီးတော့ သက်ကြီးပိုင်းတွေက လွဲလို့ ကျန်တဲ့သူတွေကို ထွက်သွားခိုင်းတယ်။ နောက်တော့ ရွာမှာကျန်ခဲ့တဲ့သူတွေ အကုန်လုံးကိုပါ ထပ်ထွက်သွားဖို့ ပြောလာတဲ့အတွက် ရွာသားတွေအကုန်လုံး ရှောင်လာကြတာပါ” ဟု ဖရုံချောင်းကျေးရွာမှ လုံခြုံရေး အရ အမည်မဖော်လိုသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

အလားတူ ငှက်ပျောချောင်းကျေးရွာသားများကိုလည်း စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းမှ အနည်းဆုံး တပတ်ခန့်ထွက်ခွာသွားပေးကြရန် ပြောဆိုလာသောကြောင့် ထွက်ခွာလာရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ထွက်ခွါပေးရသည်ကို ပြန်လည်မေးမြန်းခဲ့သော်လည်း တစုံတရာဖြေကြားခြင်းမရှိခဲ့ဟုဆိုသည်။

” ဘာကြောင့်ထွက်သွားခိုင်းသလဲဆိုတာကို ရွာကရှောင်လာတုန်းကမသိဘူး။ဒီကိုရောက်မှပဲ ပတ်ဝန်းကျင်က လူတွေကို နည်းနည်းမေးမြန်းကြည့်မှ သိရတာ။ရုတ်တရက်ကြီးဆိုတော့ ကိုယ့်ရပ်ရွာကနေ ဘယ်သွားချင်ပါ့မလဲ။အခုလည်း အိမ်တွေကိုစိတ်ချတာမဟုတ်ဘူး” ဟု ငှက်ပျောချောင်းရွာသား တစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာအနီးအဝိုက်တွင် စစ်ကောင်စီတပ်၊ တပ်မ (၂၂)က အပစ်အခတ်ရပ်စဲ လိုက်ချိန်ကတည်းက တပ်စွဲနေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငှက်ပျောချောင်းရွာမှ လူဦးရေ ၁၀၀ ကျော်နှင့် ဖရုံချောင်းကျေးရွာမှ လူဦးရေ ၈၅ဦးခန့်တို့မှာ အနီးအနားပတ်ဝန်းကျင်ရှိ သေကံရွာ ၊ခွဆုံရွာနှင့် ဘူးသီးတောင်မြို့ပေါ်တို့တွင် ယာယီခိုလှုံနေထိုင်နေကြရသည်။

အဆိုပါကျေးရွာ ၂ရွာမှ ရွာသားများ တိမ်းရှောင်ခိုင်းမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကိုမေးမြန်းရန် ဧရာဝတီတိုင်းမ်က ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပေ။

#စစ်ကောင်စီတပ်သား #၄ဦးပျောက်ဆုံး #ဘူးသီးတောင်ဒေသခံ #၂၀၀နီးပါးကိုရွာမှတိမ်းရှောင်ခိုင်းထား
#Ayeyarwaddy_Times