ဧရာဝတီတိုင်းမ်
(ချင်း)၊ မေ ၄ ရက်

ချင်းပြည်နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လာခဲ့ရာ မတ်နှင့်ဧပြီလအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ် ၄ ဦးအပါအဝင် အရပ်သားပြည်သူစုစုပေါင်း ၂၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအရပ်သား ၃၅ ဦးထဲတွင်လည်း ကလေးငယ် ၄ ဦးပါဝင်ကြောင်းသိရသည်။

အဆိုပါနှစ်လအတွင်းတွင် ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာနှင့် တလန်လိုရွာ၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့နှင့် မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်တွင် အထိနာနေသော စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲတစ်လျှောက်လုံးမှာ တိုက်လေယာဉ်ကို အားကိုးလာတာ တွေ့ရတယ်။ အဓိကအထိနာတိုင်းကို သူတို့က အဲ့သလိုလုပ်နေတာဖြစ်တဲ့အတွက် တိုက်ပွဲကတော့ ဆက်လက်ပြီးတော့ ဖြစ်လာမယ့် အနေအထားမှာရှိတယ်။ ပြောချင်တာကတော့ ဟားခါးဗျူဟာကို သူတို့မဝင်မချင်းတော့ နှစ်ဖက်တိုက်ပွဲကတော့ ပြင်းထန်နေအုံးမယ်။ တိုက်ပွဲနှင့်အတူ လေကြောင်းဗုံးကြဲမှုတွေလည်း ပိုပြီးတော့ များလာနိုင်တယ်ပေါ့နော်။ အဲ့ဒီမှာ ပြည်သူတွေအတွက်တော့ ကျွန်တော်တို့ စိုးရိမ်နေတာပေါ့။ ပြည်သူဘက်ကနေ ကိုယ့်လုံခြုံရေးကို အတတ်နိုင်ဆုံး ယူပေးကြဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံချင်ပါတယ်” ဟု ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး (CNA/CNF)ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သော နေရာများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘာသာရေးအဆောက်အအုံအပါအဝင် ပြည်သူနေအိမ် ၅၀ ကျော်လည်း ပျက်စီးသွားကြောင်းသိရသည်။

photo-ချင်းဂျာနယ်
#ချင်းပြည်နယ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာ #ပြည်သူ၂၃ဦးသေဆုံး #ကလေးငယ်၄ဦးပါဝင် #Ayeyarwaddy_Times