ဧရာဝတီတိုင်းမ်
မေလ ၄ ရက်

မြန်မာနိုင်ငံမှာ စစ်ကောင်စီကပြုလုပ်တဲ့ သင်္ကြန်ကာလအပြီး ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၁၀၀၀ ဝန်းကျင်ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သင်္ကြန်အပြီး ကိုဗစ်ရောဂါကူးစက်ခံထားရသူတွေထဲက ဧပြီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ အတည်ပြု လူနာ ၁ ဦးစီသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ သေဆုံးတဲ့သူ ၂ ယောက်ဆိုတာက ဆေးရုံရောက်လာပြီ သေဆုံးလို့ သိရတာ၊ တကယ်ဆိုရင် ရောဂါ ကူးစက်ခံရပြီး နေအိမ်မှာကုလို့ သေသွားတဲ့သူတွေလည်းရှိနိုင်တယ်၊ ရောဂါကူးစက်မှုကလည်း အဲ့လိုပဲ ဆေးရုံရောက်လာပြီး စစ်ဆေးတဲ့စာရင်းအရပဲ သိရတာ၊ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်”လို့ CDM ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်ရောဂါတွေ့ရှိတဲ့ အတည်ပြုလူနာ စာရင်းကို အရပ်သားအစိုးရလက်ထက်လို နေ့စဉ်ထုတ်ပြန်လေ့မရှိဘဲ ရက်ပေါင်းပြီး ထုန်ပြန်တာမျိုးတွေ ပြုလုပ်လာတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

မေလ ၃ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၁၁၉ ဦးနဲ့ မေလ ၄ ရက်နေ့မှာ ကိုဗစ်လူနာ ၁၅၅ ဦးတွေ့ရှိတာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သင်္ကြန်ကာလအပြီး ဧပြီလ ၂၄ ရက်နေ့မှစတင်ကာ မေလ ၄ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းမှာ ၁၀၅၉ ဦးထိ ရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ရောဂါပိုးတွေ့ရှိတဲ့အတည်ပြုလူနာတွေကို ဆေးရုံတွေကို ခေါ်ဆောင်ကုသပေးတာ ရှိပေမယ့် အတည်ပြုလူနာနဲ့ထိတွေ့ဆက်ဆံမိတဲ့သူတွေကို နေအိမ်မှာပဲ အသွားအလာကန့်သတ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ပရဟိတအသင်းအဖွဲ့ဝင်တွေက ပြောပါတယ်။

“ ခုက ပိုးတွေ့လူနာကိုတော့ ဆေးရုံကိုခေါ်ပြီး ကုသပေးတယ်၊ ထိတွေ့တဲ့သူတွေကိုတော့ နေအိမ်မှာပဲထားတယ်၊ စစ်လို့တွေ့မှ ဆေးရုံခေါ်တယ်၊ အဲ့တော့ ပိုးတွေ့လူနာက ပိုများလာတယ်၊ ထိထိ ရောက်ရောက်ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်”လို့ ရန်ကုန်မြို့ခံ ပရဟိတအသင်းဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ သင်္ကြန်ကာလ အပြီး ဧပြီလ ၂၄ ရက်နေ့မှ ရောဂါကူးစက်မှုအခြေအနေကို ထုတ်ပြန်သလို နေ့စဉ်ထုတ်ပြန်လေ့မရှိသည်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ် ခံထားရသလို သတင်းထိန်ချန်ဖို့အတွက် စစ်ကောင်စီရဲ့ ခိုင်းစေချက်အတိုင်း လိုက်လံလုပ်ဆောင်နေရတာ ကြောင့် အစုလိုက် အပြုံလိုက်ကူးစက်မှုတွေ များလာနိုင်တယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။

#မြန်မာနိုင်ငံတွင် #၂ရက်အတွင်း #ကိုဗစ်လူနာ၃၀၀နီးပါး #သင်္ကြန်အပြီးပိုးတွေ့လူနာ၁၀၀၀ကျော်ထိရှိလာ
#Ayeyarwaddy_Times