ဧရာဝတီတိုင်းမ်
(မြိုင်)၊ မေ ၄ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့အနီး စက်မှု(၂)မှ ထွက်လာသည့် စစ်ကောင်စီတပ် ကားကို ယနေ့မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် မြိုင်(ပကဖ)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြိုင်မြို့အနီး စက်မှု(၂)မှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဝန်းကျင်ပါဝင်သည့် ဖောကားတစ်စီးသည် သရက်ကွ(ပျူရွာ)သို့ အင်အားဖြည့်ရန် လမ်းတစ်လျှောက် ကင်းပုန်းများချ၍ ထွက်လာစဉ် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်၍ အနီးကပ်တိုက်ခိုက်ခဲ့ရာ ကားမှာ လမ်းဘေးသို့ထိုးကျရပ်တန့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ရှစ် ဦးဝန်းကျင် ထိခိုက်သေဆုံး ဒဏ်ရာရနိုင်ကြောင်း မြိုင်(ပကဖ) တာဝန်ရှိသူထံက သိရသည်။
“သရက်ကွရွာကို ခဲယမ်း၊ ရိက္ခာသယ်တာဖြစ်နိုင်တယ်။ စစ်ကောင်စီတပ်သား အင်အားဖြည့် တာလည်းဖြစ်နိုင်တယ်။ လမ်းတစ်လျှောက်လုံးကင်းပုန်းချထားတယ်။ ကင်းပုန်းကတော့ လမ်းကြောင်းရှိမှချတာပါ။ ပျက်နေတဲ့ကားကို ခုထိမသယ်သေးဘူး။ အနားမှာလည်း တပ်သားတော်တော်များများရှိသေးတယ်” ဟု မြိုင်(ပကဖ)တာဝန်ရှိသူ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့တိုက်ခိုက်ရာတွင် မြိုင်မြို့ပေါ်မှ စစ်ကူများနှင့် စက်မှု(၂)မှ စစ်ကူများ ရောက်လာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပြီး လုံခြုံစွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်(ပကဖ)တပ်ဖွဲ့ဝင်များဖြစ်သည့် ဝံပုလွေတပ်ဖွဲ့၊ ဇေယျာသီတပ်ဖွဲ့၊ အညာမြေပျောက်ကျားတပ်ဖွဲ့၊ ချင်းတွင်းပျောက်ကြားတပ်ဖွဲ့၊ ပခုက္ကူခရိုင် PDF တပ်ရင်း ၁၃၊ စကော်ပီယန်တပ်ဖွဲ့၊ MVP တပ်ဖွဲ့၊ MRTF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြိုင်တွင် ပြီးခဲ့သည့် မေ ၂ ရက်နေ့ကလည်း ရက်ကန်ပျူစောထီးစခန်းနှင့် စိုကန်တိုက်ပျူရွာအကြား သွားလာနေသည့် ပျူစောထီးတပ်ဖွဲ့ဝင်များအား မြိုင်(ပကဖ) နှင့် ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ရာ ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း မြိုင်(ပကဖ)၏ ထုတ်ပြန်ချက်အရသိရသည်။
#မကွေးတိုင်း #မြိုင်မြို့နယ် #စစ်ကောင်စီတပ်ကား #ကြားဖြတ်တိုက်ခိုက် #Ayeyarwaddy_Times