ဧရာ၀တီတိုင်းမ်
မေ ၄ ရက်
စစ်ကောင်စီမှ အဂတိမှုဖြင့် တရားစွဲကာ အင်းစိန်ထောင်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံထားရသည့် စစ်ကောင်စီ၏ ရန်ကုန်တိုင်း စီးပွားရေးရာ၀န်ကြီးဟောင်း ဦးအောင်သန်းဦးသည် ယမန်နေ့ မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
စစ်ကောင်စီခန့် ၀န်ကြီးဟောင်း ဦးအောင်သန်းဦးသည် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေစဉ် အသက်ရှူလမ်းကြောင်းနှင့် ဦးနှောက်ပိုးဝင်မှုကြောင့် သွေးလန့် ရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးချိန်တွင် အသက် (၅၇) နှစ်ရှိပြီဖြစ်သည်။
ဦးအောင်သန်းဦးသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်ဖြစ်လာကာ မကြာခင်တွင် ရန်ကုန်တိုင်း စီးပွားရေးရာ ၀န် ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ စစ်ကောင်စီက ခန့်အပ်ထားသည့် ဦးအောင်သန်းဦးကို ရန်ကုန်တိုင်းအတွင်းရှိ မြေကွက်ချ ထားပေးမှုများတွင် အဂတိ လိုက်စားမှုများရှိသည်ဟုဆိုကာ စစ်ကောင်စီကပင် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။
အဂတိ လိုက်စားမှုဖြင့် ရန်ကုန်တိုင်းစီးပွား ရေးရာ၀န်ကြီး ဦးအောင်သန်းဦး အပါအ၀င် စစ်ကောင်စီခန့် ရန်ကုန်တိုင်း၀န်ကြီးချုပ်ဦးလှစိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော် တို့သည် မြေယာအဂတိမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
စစ်ကောင်စီသည် ဦးအောင်သန်းဦးကို ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းစီးပွား ရေးရာ၀န်ကြီးအဖြစ်မှ ရပ်စဲခဲ့ပြီး ဇွန်လတွင် ဖမ်းဆီးတရားစွဲဆိုခဲ့ကာ ဒီဇင်ဘာ ၈ ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။ ဦးလှစိုးမှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရပြီး တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်အသီးသီး စစ်ကောင်စီမှ ချမှတ်ခဲ့သည်။
စစ်ကောင်စီသည် မေလ ၃ ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၂၁၅၃ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပြီး အဆိုပါ လွတ်ငြိမ်းတွင် စစ်ကောင်စီ၏ ၀န်ကြီးဟောင်း ဦးအောင်သန်းဦးလည်း ပါ၀င်သည်။
ဦးအောင်သန်းဦးသည် စစ်ကောင်စီ၏ ရန်ကုန်တိုင်း စီးပွားရေးရာ ဝန်ကြီးအပြင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဌ ၊ ပင်လယ်ကိုးသွယ်လုပ်ငန်းစု ဥက္ကဌ တို့အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။
#စစ်ကောင်စီခန့် #ရန်ကုန်တိုင်းစီးပွားရေးရာ၀န်ကြီးဟောင်း #ဦးအောင်သန်းဦး #ထောင်မှလွတ်မည့်ရက် #ကွယ်လွန် #Ayeyarwaddy_Times