နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၄ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတရားသဖြင့် ဖမ်းဆီးကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ချမှတ်ထားသော နိုင်ငံရေးအကျဉ်းသား/သူများကို ယနေ့ပြန်လွှတ်ပေးမှုသည် သူစီစဉ်ထားသည့်အတိုင်း မြန်မာပြည်ကို တရုတ်၊ ရုရှားအပါအဝင် နိုင်ငံတကာ လာရောက်ချိန်နှင့် ချိန်ကိုက်လွှတ်ပေးခြင်းသာဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
ယနေ့မေလ ၃ ရက်(ကဆုန်လပြည့်နေ့)တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံ တဝန်းရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
“သူဖမ်းဆီးထားတဲ့ လူတွေကို ပြန်လွှတ်ပြီး သူ့ရဲ့ လမ်းစဉ်ကို လက်ခံအောင် လုပ်တာက ဟိုအရင်တွေကတည်းကလည်း လုပ်နေကျပါ။ အခုတော့ စကစနဲ့ တွေ့ဆုံမှုတွေ လုပ်လာနေကြတာနဲ့ ချိန်ကိုက် သူ့ဖက်က စီစဉ်ထားတဲ့ အတိုင်း လျော့ပေးနေတယ်၊ လိုက်လျောပေးနေတယ် ဆိုတာမျိုးသဘော လုပ်စရာရှိတာကို အချိန်ကိုက် လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း၊ ရုရှားအစိုးရကိုယ်စားလှယ်အဖွဲ့တို့အပြင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ(ASEAN-BAC) ဥက္ကဋ္ဌ မစ္စတာအာရှက်ရာဂျစ်လည်း ရောက်ရှိနေသည်။
စစ်ကောင်စီက ယနေ့လွှတ်ပေးရာတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကျန်ကာလ တစ်နှစ်အောက်ရှိသူများကို လွှတ်ပေးခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီကပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်များတွင် ယခုအကြိမ်သည် နိုင်/ကျဉ်း များကို သီးခြားလွှတ်ပေးခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူများထံက သိရသည်။
“အထူးသဖြင့် သူတို့ လမ်းစဉ်အပေါ်မှာ လူတွေ လက်မခံရင်တောင် ငြင်းရခက်သွားအောင်လို့ လုံးဝမကောင်းဘူးလို့ ပြောလို့မရအောင် သူတို့တွေအနေနဲ့ လျော့ပေးနေတယ် ဆိုတာမျိုး သက်သေပြစရာ လုပ်ဆောင်မှုတွေက ဆက်လုပ်နေအုံးမှာပါ။ ဟိုးရှေးက စစ်အစိုးရ(သန်းရွှေ)လုပ်တဲ့ “တပ်မတော်ရဲ့ သဘောထားအမှန်တွေနဲ့” “ဖြည်လျော့ပေးနေပါတယ်” ဆိုတာမျိုးက ဆက်လုပ် နေကြအုံးမယ်လို့ မြင်ပါတယ်” ဟု ဒေါက်တာ စိုင်းကြည် ဇင်စိုးက ပြောသည်။
ထိုသို့လွှတ်ပေးမှုသည် မြန်မာနိုင်ငံကို နိုင်ငံတကာက လာရောက်မှုနှင့် ရာခိုင်နှုန်းအပြည့် သက်ဆိုင်နေပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် မဖြစ်မနေဖြေရှင်းမှရမည့် ကာလတစ်ခုရောက်နေကြောင်း တောင်သူ လယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ပြောရမယ်ဆိုရင်တော့ ပြဿနာရဲ့ အထွေထွေအရပ်ရပ်က ရှင်းရမယ့် ဆုံပွိုင့်တစ်ခုကို ရောက်နေတယ်။ အဲဒီအတွက်ကြောင့် သူတို့လာပြောတာလေ။ လာပြောတဲ့အတွက် သူတို့(စကစ) လုပ်လို့ရတဲ့ဟာတစ်ခုကို လုပ် ပေးလိုက်တာပဲ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် တရုတ်၊ ရုရှားတို့ကို အားကိုး၍ ၎င်းတို့လိုချင်တဲ့ ပုံစံအတိုင်း လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး မြန်မာပြည် နိုင်ငံရေးသည် တရုတ်ကြိုးစားမှုလောက်ဖြင့် ပြေလည်ရာပြေလည်ကြောင်း မဖြစ်နိုင်သလို စစ် ကောင်စီအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာနိုင်ကြောင်း ဦးဇော်ရန်းက သုံးသပ်သည်။
ယင်းအပြင် အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား/သူ ၃၈ ဦးကိုလည်း သေဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲချမှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ သည်။
#စစ်ခေါင်းဆောင်က #နိုင်ကျဉ်းများကို #သူစီစဉ်ထားသည့်အတိုင်း #ချိန်ကိုက်လွှတ်ပေးခြင်းဟုဆို #Ayeyarwaddy_Times