ဧရာဝတီတိုင်းမ်
မေလ ၄ ရက်

ဧရာဝတီတိုင်းရှိ အကျဥ်းထောင်တွေကနေမေလ ၃ ရက်နေ့မှာ လွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အနေနဲ့နိုင်ငံရေးအကျဥ်းသား ၅၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ အကျဥ်းဦးစီဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

“ဧရာ၀တီတိုင်းမှာရှိတဲ့ထောင်တွေက ၅၀၅(က)တစ်မှုထဲ အစွဲခံပြီး ထောင်ဒဏ် ၃ နှစ် ချခံထားရတဲ့အကျဥ်းသား ၃၉ ဦး အကျဥ်းသူ ၁၄ ဦးကိုပြန်လွှတ်ပေးလိုက်တာပါ၊ အကုန် ၅၃ ဦးပါ “လို့ သူကပြောပါတယ်။

လွှတ်ငြိမ်းချမ်းသာနဲ့လွှတ်ပေးလိုက်သူတွေဟာ ၅၀၅(က)နဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်ပြီး ပုသိမ်​ထောင်က ၁၈ ဦး၊မအူပင်ထောင်က ၂၈ ဦး ၊မြောင်းမြထောင်က ၃ ဦး၊ဖျာပုံထောင်က ၃ဦး၊ဟင်္သါတထောင်က တစ်ဦး၊ စုစုပေါင်း ၅၃ ဦး ခံ၀န်ထိုးခိုင်းပြီးလွှတ်​ပေးခဲ့တာလို့ သိရပါတယ်။

“၂၀၂၁ ခုနှစ်မတ်လထဲက ဆန္ဒပြတာမှာပါလို့ဆိုပြီး ၃ နှစ်ချတာ၊ ထောင်ကလွှတ်ဖို့လပိုင်းလောက်ပဲ လိုတော့တာ ခုကလွတ်ငြိမ်းချမ်းသာဆိုပေမယ့် ခံ၀န်ထိုးခဲ့ရတယ်။ ထောင်ကြွေးကျန်ကို နောက်တစ်ခါ အဖမ်းခံရရင်ပေါင်းပြီးခံရမှာ ဘာမှမထူးပါဘူး”လို့လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်ထိ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားများဟာ စစ်ကောင်စီက အနည်းဆုံး ပုဒ်မ ၂ခု တပ်ပြီး ထောင်ဒဏ်ချမှတ်ထားတာတွေရှိနေတာဖြစ်ပြီး ၅၀၅(က)နဲ့ဖမ်းဆီးထောင်ချထားသူတွေအများကြီးကျန်နေသေးတယ်လို့သိရပါတယ်။

ကောင်စီတပ်က မေလ ၃ ရက်နေ့မှာ နိုင်ငံတဝှမ်းမှာရှိတဲ့ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့သူ တွေထဲက ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
#ဧရာဝတီတိုင်း #နိုင်ငံရေးအကျဥ်းသား #ပြန်လွှတ် #ပုဒ်မ၅၀၅ #Ayeyarwaddy_Times