ဧရာဝတီတိုင်းမ်
မေလ ၄ ရက်

မေလ ၃ရက်၊ ကဆုန်လပြည့်နေ့တွင် စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၅၀၅ (က) ဖြင့် ထောင်ချခံထားရသူ ၂၁၅၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် လွတ်မြောက်သူမရှိကြောင်း သိရသည်။

စစ်ကောင်စီနှင့် AA တို့၏အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် AA နှင့်ဆက်စပ်၍ မတရားဖမ်းဆီးထားသည့် ရခိုင်ဒေသခံများကို ၂လအတွင်း ပြန်လွှတ်ပေးရန် နုတ်ဂတိများရှိခဲ့သည်။

သို့သော်လည်း စစ်ကောင်စီက ၅လကျော်ကြာမြင့်သည်အထိ ပြန်လွှတ်ပေးခြင်းမရှိခဲ့သည့်အပြင် ယမန်နေ့ကလွတ်ငြိမ်းချမ်းသာပေးသည့်အထဲတွင်လည်း ရခိုင်ပြည်နယ်မှ လွတ်မြောက်သူ မရှိသေးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကပြောသည်။

” လက်ရှိအချိန်ထိ ကျနော် ထောင်တွေကို စုံစမ်းနေတာ ရခိုင်ကလွတ်တာ တယောက်မှမတွေ့ရသေးဘူး။စစ်ကောင်စီဖက်ကလည်း မထုတ်ပြန်ထားဘူးဆိုတော့ ရခိုင်ကမပါလို့ထင်တယ်။AA နဲ့လည်း သဘောတူညီချက်တွေယူထားပြီးသားဆိုတော့ ပြန်လွှတ်ပေးရမဲ့တာဝန်ရှိတယ်။ဒါပေမဲ့ ရခိုင်ကတယောက်မှမပါလာတာကတော့ စစ်ကောင်စီက ရှေ့တမျိုး ၊နောက်တမျိုးလုပ်နေတာပေါ့။ဒါတွေက ယုံကြည်မှုပျက်ပြားစေတယ်။ယုံကြည်မှုမရှိရင် နောက်ထပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း ရှိလာမှာမဟုတ်တော့ဘူး” ဟုဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ရခိုင်တွင် AA နှင့်ဆက်စပ်၍ စစ်ကောင်စီထံမတရားဖမ်းဆီးခံထားရသူ ၅၉၄ဦးအနက် ၃၉၁ ဦးကိုသာ စစ်ကောင်စီကပြန်လွှတ်ပေးခဲ့ပြီး ကျန် ၂၀၃ ဦးမှာ လက်ရှိအချိန်ထိဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း ရက္ခိုင့်တပ်တော်AA ၏ စာရင်းအရသိရသည်။

#စစ်ကောင်စီကပေးသည့် #နိုင်ကျဉ်းလွတ်ငြိမ်းတွင် #ရခိုင်ပြည်နယ်မှလွတ်သူမရှိ #Ayeyarwaddy_Times