နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ မေလ ၄ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မေလ ၃ ရက်နေ့ မနက်ပိုင်းက မအူပင်ခရိုင်အကျဉ်းထောင်ကနေ နိုင်ငံရေး အကျဉ်းသား ၂၈ ဦးပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးထောင်ချခံရပြီး လွတ်မြောက်ဖို့ ရက်နီးတဲ့သူတွေအများဆုံး ပြန်လွတ်လာတာဖြစ်တယ်လို့ အကျဉ်းဌာနနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ ထောင်ထဲမှာတော့ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့သူ အများကြီးရှိပါတယ်၊ ဒါကို သူတို့က ၂၈ ဦးပဲပြန်လွှတ်ပေးလိုက်တာ၊ အားလုံးက လွတ်ရက်ပြည့်တော့မယ်သူတွေပါ”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မအူပင်ခရိုင်အကျဉ်းထောင်ကနေ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသား ၁၆ ဦးနဲ့ အမျိုး သမီး ၁၂ ဦးပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

မအူပင်ခရိုင်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးပြီးထောင်ချထားတဲ့သူ ၁၀၀ ကျော်ထိရှိတဲ့အထဲက ၂၈ ဦးသာ ပြန်လွှတ်ပေးခဲ့တာပါ။

အကျဉ်းထောင်ထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထဲ မနေ့က ပုဒ်မ ၅၀၅ နဲ့ပြန်လွှတ်ပေးရမယ့်သူ ၃ ဦးကျန်ရှိနေသေးတယ် လို့ အကျဉ်းဦးစီးဌာနနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မေလ ၃ ရက်နေ့မှာ နိုင်ငံတဝှမ်းမှာရှိတဲ့ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့သူ တွေထဲက အကျဉ်းသား ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ ကြေညာထားပါတယ်။

#မအူပင် #အကျဥ်းထောင် #နိုင်ငံရေးအကျဥ်းသား #လွတ်မြောက်
#Ayeyarwaddy_Times