မင်းခ/ဧရာ၀တီတိုင်းမ်
မတ်လ ၃ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ နိုင်ငံတော်ရဲ့ အာဏာကို အဓမ္မသိမ်းယူခဲ့တာ ၂ နှစ်နဲ့ ၃ လရှိပါပြီ။
အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ ပေါ်ပေါက်လာခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို အာဏာသိမ်းစစ်တပ်ဟာ ရက်ရက်စက်စက်အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ သူတို့အာဏာတည်မြဲရေးအတွက် လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်သတ်ဖြတ် မှုလုပ်ရပ်တွေကို မြန်မာ့သတင်းမီဒီယာများက အချိန်နဲ့တပြေးညီ ထုတ်လွင့် တင်ဆက်နိုင်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် တစ်လကျော်အကြာ မတ်လ ၈ ရက်နေ့မှာ ပြည်တွင်းမှာ အခြေချတဲ့ သတင်းဌာနတွေဖြစ်တဲ့ DVB၊ မဇ္ဈိမ၊ ခေတ်သစ်မီဒီယာနဲ့ Myanmar Now တို့ကို ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သလို သတင်းဌာနရုံးခန်းတွေကိုလည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့လို့ ကမာရွတ်မီဒီယာမှ အယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့အတူ အယ်ဒီတာ ဦးဟံသာညိန်းတို့ နှစ် ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သတင်းမီဒီယာသမားတွေအပေါ် ပစ်မှတ်ထားဖမ်းဆီးမှုတွေ လုပ်လာချိန်မှာတော့ သတင်းမီဒီယာသမားအများစုဟာ သူတို့ရဲ့အိမ်တွေက ရှောင်တိမ်းကာ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း သတင်းတွေဆက်လက်ရေးသား ဖော်ထုတ်ခဲ့ပါတယ်။
“သာမန်လူတွေကိုတောင် လမ်းမှာ ကြုံရင် ကြုံသလို ဖမ်းဆီးစစ်ဆေးနေတာကြောင့် သတင်းသမားတွေဟာ အတော်ကို အန္တရာယ်ကြီးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆက်တိုက်ဆိုသလိုဖမ်းဆီးခံရတာတွေ၊ ဖမ်းဆီးပြီးတဲ့နောက်မှာလည်း သတင်းအလုပ်နဲ့ မဆိုင်တဲ့ အကြမ်းဖက်ပုဒ်မတွေတပ်ပြီးထောင်ချခံရတာတွေလည်းရှိခဲ့ပါတယ်”လို့ လုပ်သက် ၁၃ နှစ်ရှိပြီဖြစ်တဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးသတင်းထောက်တစ်ဦးက သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။
စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေအပေါ် ဖမ်းဆီးမှုတွေ လုပ်ဆောင်ယုံ သာမကဘဲ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ပြောင်ပြောင်းတင်းတင်း ကန့်သတ်ခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ သတင်းဌာနတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မှတ်ချက်ပြုရေးသားသူတွေ ပရိုဖိုင်အနက်ရောင်ပြောင်းလဲသူ တွေကို ဖမ်းဆီးနေတာတွေကို ကြည့်ခြင်းအားဖြင့် သိမြင်နိုင်ပါတယ်။
သတင်းသမားများကာကွယ်ရေးကော်မတီ CPJ က ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံက သတင်းစာဆရာ ၁၅၀ ကျော် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရပြီး လေးဦး သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။ သတင်းဌာန ၁၃ ခုလည်း ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံထားရပါတယ်။
ဒီကာလတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာနမှ သတင်းထောက်အများစုဟာလည်း အင်တာနက်ရရှိနိုင်လောက်တဲ့ ဝေးလံခေါင်သီတဲ့ နယ်စပ်ဒေသတွေအထိတောင် ရှောင်ပြေးနေထိုင်ရင်း လက်လှမ်းမှီရာ သတင်းတွေကို ရေးသားတင်ဆက်ခဲ့ရပါတယ်။ အချို့မှာလည်း နယ်စပ်ဒေသတွေမှ တဆင့် အိန္ဒိယနဲ့ထိုင်းနိုင်ငံတွေအထိတောင် ရှောင်တိမ်းခဲ့ရသလို့ အချို့မှာလည်း တတိယ နိုင်ငံတွေအထိ ရှောင်တိမ်းခိုလှုံခဲ့ရပါတယ်။
လက်ရှိ မြန်မာ့သတင်းမီဒီယာများ ရပ်တည်ရှင်သန်နေမှု အာဏာသိမ်းကာလ ၂ နှစ်ကျော်ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေအပေါ် အငြိုးတကြီးပစ်မှတ်ထား ဖမ်းဆီးမှုတွေကြောင့် မြန်မာသတင်းထောက်အများစုဟာ လက်ရှိမှာ ပြည်တွင်းမှာ မနေရဲကြတော့ဘဲ ပြည်ပနိုင်ငံတွေမှာ ရှောင်တိမ်း နေထိုင်နေကြရဆဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက လုံးဝ အမှောင်ကျသွားတယ်လို့တောင် ဆိုနိုင်ပါတယ်။ သတင်းအချက်အလက်တွေကို လွတ်လပ်စွာ ရယူရေးသား ဖော်ထုတ်ခွင့်မရှိတော့သလို အမှန်အတိုင်း ဖော်ထုတ်ရေးမယ်ဆိုရင် အချိန်မရွေး အဖမ်းခံရနိုင်တယ်လို့ ရန်ကုန်မြို့ခံ အမျိုးသမီးသတင်းဆရာတစ်ဦးက ဆိုပါတယ်။
“သူတို့ လက်ခုပ်ထဲကရေလိုပဲ ၊ သွန်လိုသွန်၊ မှောက်လို မှောက်၊ သောက်လို သောက် လုပ်နေတဲ့ နေရာမှာ အမှန်တရားဖော်ထုတ်ရေးသားချင်တဲ့ မီဒီယာတွေက ဘယ်လို ရပ်တည်ကြမလဲ။ ပြည်တွင်းမှာ ရေးမရတော့ ရေးလို့ ရတဲ့နေရာတွေမှာ ပြောင်းရွေ့နေရတဲ့ အခြေအနေ ဖြစ်နေတယ်”လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ အမျိုးသမီးသတင်းထောက်တစ်ဦးက ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အာဏာမသိမ်းစဥ်ကာလက ပြည်တွင်းမှာ အခြေစိုက်တဲ့ မြန်မာသတင်းဌာနအများစုလည်း လက်ရှိမှာ ပြည်ပနိုင်ငံတွေကို ပြောင်းရွေ့ အခြေစိုက်ရင်း ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေးအတွက် ရုန်းကန်နေရဆဲ အခြေအနေပါ။
ပြည်ပရောက် မြန်မာသတင်းမီဒီယာများ ကြုံတွေ့နေရသည့် အခက်အခဲ
ပြည်ပရောက် မြန်မာသတင်းမီဒီယာများ အမှန်တကယ်ကြုံတွေ့နေရတဲ့ ပြဿနာဟာ သတင်းရင်းမြစ်တွေနဲ့ ဝေးကွာနေမှုပဲဖြစ်ပါတယ်။ ပြည်ပရောက်သတင်းထောက် အများစုဟာ အွန်လိုင်းနဲ့ မိုဘိုင်းဖုန်းတွေကိုသာ အားကိုးပြီး သတင်းရရှိနိုင်ဖို့အတွက် ထောက်လှမ်း မေးမြန်းနေရတဲ့အခြေအနေပါ။
“သတင်းထောက်တွေအနေနဲ့ သတင်းရင်းမြစ်နဲ့ ဝေးကွာလာလေလေ သတင်းအမှန်တွေ ဖော်ထုတ်ရေးသားဖို့ ခက်လာလေလေပဲ။ အဲ့ဒီတော့ ပြည်ပရောက်နေတဲ့ မီဒီယာတွေရဲ့ အဓိက အခက်အခဲက သတင်းရင်းမြစ်နဲ့ ထိတွေ့ခွင့်ရဖို့ လက်ရှိမှာ ကြိုးစားနေကြတာ အခက်ဆုံးပဲ”လို့ ပြည်ပရောက် လုပ်သက်ရင့် သတင်းစာဆရာတစ်ဦး ဆိုပါတယ်။
ဒီအခြေအနေမှာ အခင်းဖြစ်ပွားရာနေသို့ လူကိုယ်တိုင်မသွားရောက်နိုင်ခြင်း၊ ဖုန်းနဲ့ အွန်လိုင်းတို့မှ တဆင့် ဆက်သွယ်မေးမြန်နေရခြင်းတို့ကြောင့် အချို့သော သတင်းများ အတွက် အချက်အလက်ရရှိနိုင်ရန် ကြန့်ကြာမှု၊ အတည်ပြုမေးမြန်းနိုင်ရန်ခက်ခဲမှုနဲ့ သတင်းမှားယွင်းမှုတွေအထိ ဖြစ်ပေါ်နေပါတယ်။
စစ်ကောင်စီလက်ဝေခံတွေနဲ့ စစ်တပ်ဒေါက်တိုင်တွေဟာလည်း အဲ့ဒီအချက်ကို အသုံးပြုပြီး သတင်းဌာနတွေအပေါ် စာဖတ်သူတွေရဲ့ ယုံကြည်မှုအားနည်းလာအောင် သတင်းမှားဖြန့် ဝေမှုတွေ လုပ်ဆောင်လျှက်ရှိနေပါတယ်။
စစ်ကောင်စီဟာ အဲ့ဒီလိုလုပ်ဆောင်မှုတွေအပြင် သတင်းရရှိမှုအားနည်းချက်ကို အသုံးချကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ (PDF) အမည်ခံ အဖွဲ့အစည်းအတုများကိုပြုလုပ်၍ ထုတ်ပြန်ချက်အတုများဖန်တီးကာ သတင်းဌာနများကို ပုံမှားရိုက်တဲ့ ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ပါတယ်။
.ယခုနှစ်ဆန်းပိုင်းက “မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့” ဆိုတဲ့ အမည်ခံ PDF အဖွဲ့အတုတစ်ခုကို ဖန်တီး၍ ထုတ်ပြန်ချက်အတုတွေနဲ့ လိမ်လည်သတင်းထုတ်ပြန်ခဲ့တဲ့ ဖြစ်စဥ်ဟာ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေအတွက် သတိပြုရမယ့် သာဓကတစ်ခုလို့ ဆိုနိုင်ပါတယ်။
“တချို့ သတင်းတွေက အတည်ပြုဖို့ ခက်ခဲတယ်။ ကျွန်တော်တို့က လက်ရှိ အခြေအနေမှာ မြေပြင်ဆင်းပြီး သတင်းယူလို့ရတဲ့ အခြေအနေမဟုတ်တော့ဘူး။ မြေပြင်က ချိတ်ဆက်လို့ရတဲ့ ဒေသခံတွေရဲ့ စကားပြောကုဒ်တွေနဲ့ သတင်းထုတ် ရတာမျိုးရှိတယ်။ တစ်ခါတစ်ရံထုတ်ပြန်ချက်ကို ပြန်ရေးရတဲ့အခါမှာ အတည်ပြုလို့ရတဲ့ သတင်းတွေရှိသလို အတည်ပြုဖို့ မလွယ်ကူတဲ့ အခြေအနေတွေလည်း ကြုံခဲ့ရပါတယ်။ အတော်လေးကို ခက်ခဲလာတဲ့အခြေအနေပါ” လို့ သတင်းတု သတင်းမှားတွေကို စိစစ်ဖို့ ခဲယဉ်းတဲ့အခြေအနေကို ကြုံခဲ့ရတဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာအဖွဲ့ဝင် ကိုကိုလေးက ဆိုပါတယ်။
” စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ အချို့ ထုတ်ပြန်ချက်နဲ့ သတင်းပေးပို့မှုတွေက စနစ်တကျကိုလိမ်ပြီး သတင်းပို့လာတာမျိုးတွေရှိတယ်။ နောက်တစ်ချက်က သတင်းဌာန တွေဘက်ကလည်း သတင်းစိစစ်မှုအပိုင်းမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိလာတယ်” လို့ သူက ဆိုပါတယ်။
သတင်းဌာနတွေအနေနဲ့လည်း အထက်ပါအားနည်းချက်တွေအပေါ် ပါးပါးနပ်နပ်နဲ့ သတင်းမှားယွင်းမှုမရှိအောင် သတိထားပြီး ကိုင်တွယ်ဖြေရှင်းနေရပါတယ်။
ပြည်ပရောက် မြန်မာသတင်းထောက်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု
ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းမှာ VOA သတင်းဌာနက ရေးသားဖော်ပြထားတဲ့ သတင်းတစ်ခုမှာတော့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်ခုထဲမှာတင် မြန်မာသတင်းသမား ၂၀၀ ကျော် ခိုလှုံနေတယ်လို့ ဆိုပါတယ်။
လက်ရှိ တစ်နှစ်ဝန်းကျင်ကာလအတွင်းမှာ နောက်ထပ်ပြည်တွင်းကနေ ထွက်ပြေး ခိုလှုံလာသူတွေ ထပ်တိုးလာတာကြောင့် ၃၀၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့ မဲဆောက်မှာ ခိုလှုံနေတဲ့ သတင်းသမားအချို့က ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေထဲက ၁၀ ဂဏန်း ဝန်းကျင်လောက်သာ တတိယနိုင်ငံတွေကိုသာ ရောက်ရှိသွားတာဖြစ်ပါတယ်။
အလားတူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြည်တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းသမားတွေလည်း အများအပြားရှိနေပါတယ်။
အထက်ပါကိန်းဂဏန်းတွေထဲက အများစုဟာ တရားမဝင်နေထိုင်နေကြသူတွေပါ။ သူတို့ဟာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးများရုံး (UNHCR) ဆီကို ဒုက္ခသည်အဖြစ် စာရင်းပေးသွင်းထားပေမယ့် UNHCR အနေနဲ့ သူတို့ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး အပြည့်အဝတာဝန်ယူထားခြင်းမရှိသေးပါဘူး။
လူနည်းစုလောက်သာ တရားဝင်နေထိုင်ခွင့်ရှိကြပေမယ် အများစုကတော့ ပွဲစားတွေ ကတဆင့် ဒေသဆိုင်ရာ အာဏာပိုင်တွေဆီ သက်မှတ်ထားတဲ့ ငွေကြေးကို ပေးဆောင်ပြီး နေထိုင်နေကြရပါတယ်။
အဲ့ဒီလို ငွေကြေးပေးပြီး နေထိုင်ပေမယ့် ဒါဟာ တရားမ၀င်ဖြစ်တာကြောင့် အကြောင်းပြချက်မျိုးစုံနဲ့ စစ်ဆေး ဖမ်းဆီး ငွေညှစ်မှုတွေရှိနေပြီး မြန်မာနိုင်ငံဘက် အခြမ်းသို့ ပြန်လည်ပို့ဆောင်ခံရနိုင်တဲ့ အန္တရာယ်နဲ့လည်း တွေ့ကြုံနေရပါတယ်။
“ငွေပေးထားလည်း စိတ်မချရဘူး။ သူတို့ ဖမ်းချင်ရင်ဖမ်းတယ်။ေပါသွားရင်တော့ ပိုက်ဆံပေးပြီးလိုက်ထုတ်ပေတော့ပဲ”လို့ မဲဆောက်မြို့မှာ ၂ နှစ်နီးပါးကြာ ရှောင်တိမ်း နေထိုင်နေသူ သတင်းစာဆရာတစ်ဦးက သူ့ရဲ့အတွေ့အကြုံကို ရှင်းပြပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေက လွတ်မြောက်လာပေမယ့် တရားမဝင်နေထိုင် နေရတာကြောင့် မြန်မာသတင်းသမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရုန်းကန်နေရမှုတွေရှိနေတယ်လို့ ထိုင်းနိုင်ငံဘက်ကို ရှောင်တိမ်းလာတဲ့ အမျိုးသမီးသတင်းစာဆရာတစ်ဦးက ဆိုပါတယ်။
“တရားမဝင်အဖြစ်နေရတဲ့အတွက် တဖက်နိုင်ငံကအာဏာပိုင်တွေ ဖမ်းဆီးမှာကို စိတ်ပူရပါတယ်။ နေထိုင််ရတာ တရားမဝင်ဖြစ်တဲ့အပြင် သူတို့နိုင်ငံကခွင့်ပြုထားတဲ့ အလုပ်အကိုင် မဟုတ်တဲ့အတွက် သတိကြီးကြီးထားပြီးနေရပါတယ်”လို့ ပြည်ပရောက် အမျိုးသမီး သတင်းစာ ဆရာတစ်ဦးက ပြောပါတယ်။
မြန်မာ့ မီဒီယာလောက ဆက်လက်ရပ်တည်ရေး
ပြည်ပရောက် မြန်မာသတင်းစာဆရာတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ စိတ်ပိုင်း ဆိုင်ရာလုံခြုံမှု ပြဿနာတွေအပြင် စားဝတ်နေရေးဆိုင်ရာ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ထိုင်းနဲ့ အိန္ဒိယနယ်စပ်တွေမှာ ရှောင်တိမ်းနေရတဲ့ မြန်မာသတင်းသမားအများစုနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ လုပ်ခလစာနည်းပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးလဲလှယ်နှုန်း ကွာဟမှုတို့ကြောင့် စားဝတ်နေရေးကျပ်တည်းနေရပါတယ်။
“မိသားစုကလည်း ပါလာတော့ ကလေးကျောင်းစာရိတ်၊ မုန့်ဖိုး ဒါတွေကရှိပြန်ရော။ အိမ်လခ၊ စားစာရိတ်နဲ့က ရတာနဲ့ မကာမိဘူးလေ။ ရဲတခါသာ အဖမ်းခံရလို့ ငွေပိုကုန်ရင် အဲ့တစ်လစာက မိသားစုအတွက် စားဝတ်နေရေးကြပ်တည်းကုန်တာပဲ”လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် ပြည်ပသို့ တိမ်းရှောင်လာသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
ပြည်ပရောက် သတင်းထောက်တစ်ယောက်အနေနဲ့ ၎င်းရဲ့လုံခြုံရေး၊ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဂရုစိုက်နေရတဲ့အပြင် စားဝတ်နေရေးအတွက်ပါ ပူပန်နေရတာကြောင့် စိတ်ပင်ပန်းမှုဒဏ်ကို ခံစားနေရတယ်လို့ သူက ဆိုပါတယ်။
စစ်အာဏာရှင်ကို အံတုနေဆဲ ခရောင်းလမ်းပေါ်က စတုတ္ထမဏ္ဍိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စိန်ခေါ်ဖို့ လိုအပ်ချက် များစွာကတော့ ရှိနေဆဲဖြစ်ပါတယ်။
နှစ်စဉ် မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day) အဖြစ် ဧရာ၀တီတိုင်းမ် သတင်းဌာနမှ တင်ဆက်ခြင်း ဖြစ်ပါသည်။
ဓာတ်ပုံ – EFL – EPE၊ Reuter
#စစ်အာဏာရှင် #အံတုနေဆဲ #ခရောင်းလမ်း #စတုတ္ထမဏ္ဍိုင် #သတင်းဆောင်းပါး #Ayeyarwaddy_Times