နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၃ ရက်

အာဏာသိမ်း စစ်ကောင်စီက နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား/သူ လူငယ်များကို လေကြောင်း၊ ရေကြောင်း သင်တန်းများ လေ့ကျင့် သင်ကြားပေးနေခြင်းသည် အရန်အင်အား အတွက် စည်းရုံးရေး ဆင်းသည့် သဘော ဖြစ်ကြောင်း CDM အရာရှိများက ပြောသည်။

ကျောင်းသား/သူ လူငယ်များကို အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာ ပါသည့် ပညာရပ်များကို လေ့လာဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက သက်ဆိုင်ရာ မြို့နယ်များတွင် သင်တန်းပေးနေကြောင်း သိရသည်။

“ဒါက စည်းရုံးရေးပေါ့ဗျာ။ ဒီတိုင်းပြည်မှာ ရေကြောင်းလေကြောင်းကို တပ်ကပဲ ထိန်းချုပ်တာ လေ့လာရေး ဆိုရင်လည်း ရေတပ်တို့ လေတပ်တို့ကို ခေါပြီးပြတာ လူသစ်စုတာပေါ့။ စိတ်ပါပြီး DSA တက်ချင်လာအောင်ပါ။ အရင်ကလည်း ပေးတယ်၊ ဒီလောက်တော့ မကျယ်ပြန့်ဘူး”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ် သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) တို့ကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်မှ စ၍ သက်ဆိုင်ရာမြို့နယ်များရှိ သင်တန်းစခန်းများ၌ လေ့ကျင့်သင်ကြားပေးနေကြောင်း ၎င်းတို့ ဝါဒဖြန့် သတင်းစာများတွင် နေ့စဉ် ဖော်ပြလျက်ရှိသည်။

CDM ဗိုလ်ကြီး လင်းထက်အောင် ကလည်း“အဓိက သူတို့ (စကစ) ရဲ့ လေတပ် ရေတပ်ရဲ့ အရန်အင်အားတွေကို ဖွဲ့စည်းချင်တဲ့ သဘောလို့ပဲ ကျွန်တော်က မြင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အခုချိန်မှာ စစ်တပ်ရဲ့ အရန်အင်အားဟာ နည်းပါးလာတဲ့ ပုံစံတစ်ခုကို ကျွန်တော်တို့ တွေ့ရပါတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းများကို ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန် စသည့် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ ရေကြောင်းလူငယ်စခန်း ၁၁ ခုတွင် သင်တန်းသား/သူ စုစုပေါင်း ၇၁၂ ဦးတို့အား စစ်ကောင်စီက လေ့ကျင့် သင်ကြား ပေးနေကြောင်း သိရသည်။

“ပြောရမယ်ဆိုရင် ပြည်သူ့စစ်၊ ပျူစောထီးတွေက ရှိနေသော်ငြားလည်း အရမ်းအားကောင်းတဲ့ အင်အားတစ်ခုလို့ ကျွန်တော်တို့ သတ်မှတ်လို့မရဘူး။ အဲဒါကြောင့်မို့လို့လည်း သူတို့ (စကစ) နဲ့ နီးစပ်တဲ့ လူငယ်တွေကို ဒီလိုသင်တန်းတွေ ပေးပြီးတော့ ဆွဲဆောင်စည်းရုံးပြီး အရန်အင်အားတစ်ခုကို တည်ဆောက်ချင်တဲ့ သဘောလို့ ကျွန်တော်တို့ ပြောလို့ ရပါတယ်”ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။
အလားတူ အခြေခံ လေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံ လေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) တို့ကို ရှမ်းပြည်နယ်၊ ဧရာဝတီ၊ မကွေးနှင့် မန္တလေးတိုင်း စသည့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ လေကြောင်း လူငယ်စခန်း ၁၇ ခုတွင် သင်တန်းသား/သူ စုစုပေါင်း ၆၈၀ တို့အား လေ့ကျင့် သင်ကြားပေးနေကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ် တောင်ကြီး၊ မန္တလေးတိုင်း ပုဂံ နှင့် ဧရာဝတီတိုင်း ငွေဆောင် တို့တွင်လည်း လူရည်ချွန် စခန်းများ ဖွင့်လှစ်ပြီး ကျောင်းသား လူငယ်များကို လူရည်ချွန်ဆုပေးကာ စည်းရုံးနေသည်ကိုလည်း တွေ့ရှိရသည်။

“လူရည်ချွန်တွေ လေ့လာရေး ထွက်တဲ့အချိန် အခုလို နွေရာသီရက်ရှည် ကျောင်းပိတ်ရက်တွေမျိုးမှာ လုပ်တယ်၊ တစ်လက်စတည်း စစ်သမိုင်းပြတိုက်ပါ ခေါ်သွားပြီး ဂျင်းထည့်တာပေါ့ဗျာ။ အရင်ကတော့ ပုံမှန်အနေအထားပေါ့။ အခုကတော့ စည်းရုံးရေး ဆင်းတာပေါ့။ ဘယ်လိုလုပ်လုပ် ဝင်မယ့်သူရှိမှာ မဟုတ်ပါဘူး။ အရင်ကလို တက္ကသိုလ်တွေ ပိတ်ထားခဲ့ရင်တောင် ဝင်ကြမှာ မဟုတ်ပါဘူး”ဟုလည်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

#စစ်ကောင်စီ #လူငယ်များကို #စည်းရုံးရေးဆင်းသည့် အနေဖြင့် #လေကြောင်းရေကြောင်း #သင်တန်းများပေး
#Ayeyarwaddy_Times