လွင့်ခိုင် / ဧရာဝတီတိုင်းမ်
(ရန်ကုန်) မေလ ၃ ရက်
၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့သည့် နောက်ပိုင်း မြန်မာနိုင်ငံ၏ သတင်းလွပ်လပ်ခွင့် မှာ ဇောက်ထိုး ထိုးဆင်းသွားခဲ့ပြီး သတင်းသမားများ၏ အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေမှာ တရှိန်ထိုး မြင့်တက်သွားခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အုပ်ချုပ်မှု အောက်တွင် နယ်ပယ်အသီးသီးမှ ပြည်သူများနှင့်အတူ သတင်းမီဒီယာ သမားများသည်လည်း စစ်တပ်၏ အကြမ်းဖက် ဖမ်းဆီးနှိပ်စက် ၊ သတ်ဖြတ်၊ ထောင်ချခံခဲ့ကြရသည်။ ယင်းကဲ့သို့ သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် ဖြစ်ဉ်များရှိသော်လည်း အခက်အခဲမျိုးစုံကြားမှ ကြိုးစားရုန်းကန်ရင်း သတင်းသမားဘဝကို စစ်ကောင်စီမျက်စိအောက်တွင် ခက်ခက်ခဲခဲ ကျော်ဖြတ်နေကြဆဲ ဖြစ်သည်။
အာဏာသိမ်းစစ်တပ် အုပ်ချုပ်နေသည့် နှစ်နှစ်ကြော်ကာလအတွင်း သတင်းထောက် အယောက် ၁၅၀ ကျော်ဖမ်းဆီးခြင်း ထောင်ချခြင်းများခံခဲ့ရာကာ လေးဦးမှာ သတ်ဖြတ်ခံခဲ့ရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် သတင်းထောက် အယောက် ၅၀ နီးပါး ထောင်ချခံထားရဆဲဖြစ်သည်။
မကြာသေးမီကပင် The Voice ဂျာနယ်၏ အယ်ဒီတာချုပ်ဟောင်းဖြစ်သူ ဦးကျော်မင်းဆွေ ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရသည့် အကြောင်းရင်းမှာ စစ်ကိုင်းတိုင်း ပဇီကြီးရွာမှ ကလေးသူငယ်များအပါအဝင် လူ၂၀၀ နီးပါး အစုလိုက်အပြုံလိုက် အသတ်ခံရမှုအတွက် ဝမ်းနည်းကြောင်း ၄င်း၏ Facebook အကောင့် ပရိုဖိုင်ကို အမည်းရောင်ချိန်းသည့်အတွက် ဖမ်းဆီးခံရကာ လက်ရှိတွင် ပုဒ်မ ၅၀၅-က ဖြင့်အမှုရင်ဆိုင်နေရသည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ စစ်တပ်အုပ်ချုပ်မှုအောက်တွင် အကြောက်တရားကြီးစိုးပြီး ပြည်သူများကို ခြိမ်းခြောက်နိုင်ရေးအတွက် သတင်းသမားများကို ဖိနှိပ်၍ ရန်သူကဲ့သို့ သဘောထားနေသည်ဟု ပြည်တွင်းအခြေစိုက် သတင်းသမားများက ဧရာဝတီတိုင်းမ် ကိုပြောသည်။
“ ပြည်တွင်းမှာ သတင်းသမားလုပ်ရတဲ့အနေအထားက သတင်းလွပ်လပ်ခွင့်ပျောက်ဆုံးသွားသလို မြေပြင်မှာ လုံခြုံရေးအဖွဲတွေဖြစ်တဲ့ ရဲတွေ စစ်ထောက်လှမ်းရေးတွေရဲ့အမြင်ကိုကရန်သူလိုရှူ့ မြင်တယ် ။ သူတို့ကိုဆန့်ကျင်တဲ့အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိသလားလို့ အမြဲသတိထားနေတယ်။ သတင်းသမားကလည်း စစ်ကောင်စီရဲ့ ရန်သူတစ်မျိုး ဖြစ်လာတော့ပြည်တွင်းမှာ ရပ်တည်လှုပ်ရှားနေတယ်ဆိုတာ မလုံခြုံပါဘူး။ အဖမ်းမခံရအောင် သတိထားနေရသလို အဖမ်းခံရဖို့အတွက်လဲ အမြဲတမ်းပြင်ဆင်ထားရတယ်” ဟု ပြည်တွင်းအခြေစိုက် ဝါရင့် သတင်းထောက်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်များ ဖမ်းဆီးထောင်ချခံရမှုကြောင့် သတင်းသမားအများစုမှာ လွပ်မြောက်နယ်မြေများသို့ တိမ်းရှောင်သွားခဲ့ကြပြီး အချို့မှာ တတိယနိုင်ငံများသို့ ဆက်လက်ထွက်ခွါသွားကြသူများ ရှိသလို တိုက်ပွဲနယ်မြေများ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများတွင်နေထိုင်ရင်း သတင်းလုပ်ငန်းကို ဆက်လက်လုပ်နေသူများလည်း ရှိသည်။ အချို့သတင်းသမားများသည် တိမ်းရှောင်ခြင်းမပြုပဲ စစ်ကောင်စီက တင်းတင်းကြပ်ကြပ် အုပ်ချုပ်သည့် မြို့ကြီးများထဲတွင် သိုသိုသိပ်သိပ်နေကာ သတင်းလုပ်ငန်းကို လုပ်ကိုင်နေကြသည်။
“ စစ်အာဏာသိမ်းကာလ ပြည်တွင်းထဲမှာပဲ လွပ်လပ်တဲ့သတင်းသမားတစ်ယောက်အနေနဲ့ ရပ်တည်ရတာ တကယ်မလွယ်ပါဘူး။ သူတို့က အဖြစ်အပျက်အမှန်တွေကို မသိစေချင်ဘူးလေ။ အဲဒီအတွက် သူတို့ကို ထောက်ခံတဲ့ သတင်းဌာနမဟုတ်တဲ့ ဌာနတိုင်းကို ဖိနှိပ်၊ သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချနေတာ မျက်မြင်ပါပဲ။ အဲဒီလိုကြားထဲမှာ ရပ်တည်ရတဲ့အခါ မကြောက်ဘူးလားမေးရင်တော့ ကြောက်တာပေါ့။ ကြောက်ကြောက်နဲ့ပဲ ဆက်လုပ်နေပါတယ်။ သတင်းလွပ်လပ်ခွင့်တွေ ပြည်သူ့အတွက်တွေ လေးလေးနက်နက် မပြောလိုပါဘူး။ သတင်းအလုပ်ကိုပဲ ကြောက်ကြောက်နဲ့ဆက်လုပ်၊ ဆက်သွားနေပြီး ကိုယ့်တာဝန် ကိုယ်ကျေဖို့ ကြိုးစားရုန်းကန်နေပါတယ် “ ဟု ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုရဲ့ ပြည်တွင်း သတင်းထောက်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထိုကဲ့သို့ အန္တရာယ်များစွာကြီးသည့် အခြေအနေတွင် ရှင်သန်နေထိုင်ရင်း သတင်းသမားဘဝကို ဖြတ်သန်းနေသည့် ပြည်တွင်းက အမျိုးသမီး သတင်းထောက် တစ်ဦးကလည်း “ ပြည်တွင်းမှာ နေရတာ ဖြစ်တဲ့အတွက် လုံခြုံရေးကတော့ အဓိက အရေးကြီးတာပေါ့။ တခါတလေ ကိုယ်က အလုပ်ကိစ္စ အပြင်တွေဘာတွေဓါတ်ပုံထွက်ရိုက်စရာတွေရှိရင်လည်း ရိုက်သာရိုက်ရတာ လူကတော့ လန့်နေရတယ်။ ငါ့ကိုများမြင်ပြီး လာဖမ်းသွားမလားဆိုပြီးတော့ပေါ့။ ဧည့်စာရင်းတွေ စစ်မယ်အသံကြားလည်း လန့်ရတာပဲ။ အခုဆို ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာလည်း ကိုယ့်ကိုယ် သတင်းထောက်မှန်းမသိအောင်တော့ သတိထားနေရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က ပြည်တွင်းမှာနေပြီး သူတို့အလိုရှိတဲ့အတိုင်း ရေးနေတာမဟုတ်တော့ သတိထားမိသွားရင်း ဖမ်းပြီး နှိပ်စက်မှာကို စိုးရိမ်တယ် “ ဟု သူမ၏ စိတ်ခံစားချက်ကို ဧရာဝတီတိုင်းမ် သို့ ပြောပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျ တရားမဲ့ ပြုကျင့်မှုများကို ပြည်သူလူထုနှင့် နိုင်ငံတကာ သိရှိနိုင်ရေး ဖော်ထုတ်နေသည့်အတွက် သတင်းသများကို အငြိုးကြီးစွာဖြင့် ရန်သူလို ဆက်ဆံနေခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် သတင်းသမားများသာမက ကင်မရာကိုင်သည့် မည်သူမဆို အချိန်မရွေး အန္တရာယ်ကျရောက်နိုင်ခြေ ရှိကြောင်း နှင့် ထူးခြားဖြစ်စဉ်များ၊ လုံခြုံရေးတင်းကျပ်ထားသည့်နေရာများကို ဓာတ်ပုံ ဗီဒီယို ရိုက်ကူးမိပါက အချိန်မရွေး အဖမ်းခံရနိုင်သည်ဟု ပြည်တွင်းသတင်းသမားများက ဆိုသည်။
“ စစ်ကောင်စီနဲ့သူ့လက်အောက်ခံအဖွဲ့တွေကလည်း ကင်မရာကိုင်တဲ့သူ သူတို့ရန်သူပဲလို့ တခါတည်း သူတို့အသားထဲမှာ တံဆိပ်ကပ်လိုက်ပြီလေ၊ ပြည်သူတွေအပေါ် သူတို့နှိပ်စက်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှပုံရိပ်တွေက ကမ္ဘာအထိပျံ့သွားတော့ ကင်မရာသမား၊အထူးသဖြင့် ကင်မရာကိုင်တဲ့သတင်းသမားတွေကို စစ်ကောင်စီကသူတို့ရဲ့အဓိကတရားခံလို့ သမုတ်ထားလိုက်ပြီလေ၊ အဲဒီအကျိုးဆက်က သတင်းသမားမဟုတ်တဲ့ အလှပုံရိုက်စီးပွားရှာတဲ့ ကင်မရာသမားတွေလည်း အာဏာမသိမ်းခင်ကလို ကင်မရာကြီး တကားကားနဲ့ ရိုက်ချင်တိုင်း ရိုက်လို့မရကြတော့ဘူး။ ပိုဆိုးတာက လူတိုင်းမှာရှိတဲ့လက်ထဲကဖုန်းနဲ့တောင် ကျနော်တို့နိုင်ငံမှာ ဓာတ်ပုံရိုက်ဖို့ ခက်သွားတယ် “ ဟု လုပ်သက်ရင့် ပြည်တွင်းအခြေစိုက် သတင်းသမားတစ်ဦးက ပြည်တွင်းအခြေအနေကို ဧရာဝတီတိုင်းမ်သို့ မှတ်ချက်ပြု ပြောကြားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီ၏ သတင်းများကို ပြည်သူလူထုထံရောက်ရှိရေးအတွက် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနသည် ငွေကြေးများစွာ သုံးစွဲပြီး လော်ဘီများမွေးကာ နည်းလည်းမျိုးစုံမှ သတင်းထုတ်ပြန်နိုင်ရေး ကြိုးစားနေသလို ပြည်သူလူထု သိသင့်သိထိုက်သည်များကို ပြည်သူလူထု သိရှိနိုင်ရေး ပြည်တွင်း ပြည်ပ သတင်းသမားများကလည်း ကြိုးစားနေကြသည်။ စစ်ကောင်စီအကြိုက်ရေးသည့် သတင်းဌာနနှင့် သတင်းသမားများမှာ အန္တရာယ်ကျရောက်နိုင်ခြေ မရှိသော်လည်း စစ်ကောင်စီ အလိုကျမရေးသည့် သတင်းသမားများမှာ အချိန်မရွေး ဖမ်းဆီးခံရနိုင်ခြေ ရှိနေသည်။
“ သတင်းသမားကတော့ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲလေ။ ဒါပေမယ့် သူတို့ရဲ့ မကောင်းမှုတွေကို အများပြည်သူနဲ့ ကမ္ဘာကသိအောင် လုပ်နေတဲ့သူတွေဆိုတော့ စစ်ကောင်စီဘက်ကတော့ ကျွန်တော်တို့ကို တိုင်းပြည်ဖျက်နေတဲ့ သူတွေလို့ နာမည်ဖျက်ကြတယ်။ ဒါပေမယ့် ဘယ်သူက တိုင်းပြည်ဖျက်နေတာလဲဆိုတာကို ပြည်သူက သိပါတယ်။ ထောင်ထဲမှာကိုပဲ သတင်းသမားတွေကို အားလုံးက လေးလေးစားစား ဆက်ဆံကြပါတယ်။ သူတို့ဘယ်လိုပဲ ရန်မူပြီး အကြမ်းဖက်နှိပ်စက်မှုတွေကြုံခဲ့ပါစေ သတင်းသမားကတော့ သတင်းသမားအလုပ်ကို ဆက်လုပ်နေကြမယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ဖမ်းဆီးထောင်ချခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် သတင်းသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို မှတ်ချက်ပေးသည်။
မေလ ၃ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာစာနယ်ဇင်းလွပ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံရှိ ထောင်များတွင် သတင်းသမားအယောက် ၅၀ ဝန်းကျင် မတရားဖမ်းဆီး ထောင်ချခံထားရဆဲဖြစ်သည်။ ယနေ့မှာပင် ကျရောက်သည့် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ကျဉ်း ၂၁၅၃ ဦးလွှတ်ပေးခဲ့သည့်အထဲတွင် သတင်းသမား ၅ဦးနှင့် သတင်းလုပ်ငန်းနှင့်ဆက်စပ်သူ တစ်ဦး ပါဝင်လာခဲ့သည်။ ထို့ကြောင့်အကျဉ်ထောင်များထဲတွင် သတင်းသမား အယောက် ၄၅ ဦးခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့သတင်းသမားများဖိနှိပ်ခံရမှု အဆိုးဆုံး တတိယမြောက် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း သတင်းသမားများကာကွယ်ရေးကော်မတီ CPJ က ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းတွင်ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ဖိနှိပ်မှုကြားကပင် ပြည်တွင်းသတင်းများသည် လူးလွန့်၍ ရုန်းကန်းနေကြဦးမည်သာ ဖြစ်သည်။
နှစ်စဉ် မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း
လွတ်လပ်ခွင့်နေ့ (World Press Freedom Day) အဖြစ် ဧရာ၀တီတိုင်းမ် သတင်းဌာနမှ တင်ဆက်ခြင်း ဖြစ်ပါသည်။
#စစ်ကောင်စီ #မျက်စိ #သတင်းသမားများ #Ayeyarwaddy_Times