နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/မေလ၃ရက်
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့မှုများ ဆက်တိုက်ပြုလုပ်နေ၍ စစ်ဘေးရှောင် ဒေသခံများမှာ မိမိနေထိုင်ရာ ကျေးရွာများသို့ ယနေ့တိုင် ပြန်ရန်ကြောက်ရွံနေကြောင်း စစ်ဘေးရှောင် ပြည်သူများထံက သိရသည်။
စစ်ကောင်စီတပ်သည် ၂၀၂၂ခုနှစ် နိုဝင်ဘာလကတည်းက ဆားလင်းကြီးမြိုနယ်ရှိ မိုးကြိုးပြင် တောင်ရွာမြောက်ရွာ ၊ ဆည်တည်းရွာ ၊ ဇီးတောရွာ ၊ ဖောင်းကတာရွာ၊ ရွာသစ်ရွာ ၊ ရေရှင်ရွာ နှင့် တုံတေားကျောင်း အလယ်ရွာတွေကို ဝင်ရောက်စီးနင်း၍လူနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့တယ်။ တွေ့သမျှ ဒေသခံပြည်သူတွေကို PDF နှင့် ပတ်သတ်တယ်ဆိုပြီး ဖမ်းဆီးသတ်ဖျက်တာတွေ လုပ်နေတယ်။ အခုဆို ရွာကို ပြန်မကပ်ရဲလို့ တောထဲမှာ တဲထိုးပြီးနေနေရတာ ခြောက်လ ကျော်ပြီ။ ရွာပြန်လို့ရရင် တောင် နေစရာအိမ်မရှိတော့ဘူး။ စစ်ကောင်စီတပ်ကမီးရှို့သွားပြီလေ ခုလည်း ရွာတွေကိုဝင်လိုက်ထွက်လိုက် လုပ်နေတော့ မပြန်ရဲဘူး” ဟု မိုးကြိုးပြင်ကျေးရွာမှ အသက် (၅၁)နှစ်အရွယ် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်တပ်သည် ယခုအခါတွင်လည်း အဆိုပါကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ခြင်းများ ပြုလုပ်နေ၍ ဒေသခံများမှာ ကျေးရွာများတွင် ပြန်လည်နေထိုင်ရဲခြင်းမရှိပေ။
#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #စစ်ဘေးရှောင် #နေရပ်မပြန်ရဲ #Ayeyarwaddy_Times